စစ်ရှောင်ပြည်သူများကို ကင်းစောင့်ပေးသည့်လူငယ်နှစ်ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်မီးရှို့
********************************
ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ထန်းကုန်းတိုက်နယ်သို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းက အမျိုးသားလူငယ်၂ ဦးကိုသတ်ဖြတ်မီးရှို့ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထန်းကုန်းတိုက်နယ် အင်းလယ်ကြီးရွာတွင် ညအိပ်ခဲ့သော စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစုပေါင်းအင်အား ၁၂၀ ခန့်သည် ယမန်နေ့တွင် ရွာ၏အရှေ့တောင်ဘက်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်ပြီး သရက်တာနှင့်အင်္ဂါထောင့်ရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးခဲ့သည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် နံနက် ၁၀ နာရီခွဲအချိန်တွင် ကိုင်းရိုးရွာအနီးတွင် အသက် ၂၂နှစ် နှင့် ၃၂ နှစ်အရွယ် အမျိုးသားနှစ်ဦးအား ပစ်ခတ်ခြင်း၊ ဓားဖြင့်လှီးခြင်းတို့ဖြင့်သတ်ဖြတ်၍ မီးရှို့ခဲ့သည်ဟု သိရသည်။
“ ရွာခံပြည်သူတွေက တောထဲမှာစစ်ရှောင်နေရတာကို သူတို့နှစ်ယောက်က ကင်းစောင့်ပေးတဲ့သဘောဗျ။ စစ်ကြောင်းဘယ်ကလာတယ်၊ ဘယ်ကလာတယ် အဲလိုမျိုး ကင်းစောင့်ပေးတဲ့သဘောမျိုး။ စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်သွားတာ။ လည်ပင်းလည်း ဓားနဲ့လှီးထားတဲ့အရာတွေလည်း တွေ့တယ် “ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်အုပ်ကြီးက သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့သည်အဆိုပါအမျိုးသားနှစ်ဦးသည် ကိုင်းရိုးရွာသားများဖြစ်ပြီး ဒေသခံ ကာကွယ်ရေးတပ်စစ်ကြောင်းတပ်ဖွဲ့ဝင်များမဟုတ်ဘဲ ကျေးရွာတွင်းကင်းစောင့်သည့် ကိစ္စများကိုဆောင်ရွက်နေသူများဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
အဆိုပါစစ်ကြောင်းသည် ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်အတွင်း စစ်ကြောင်းထိုးနေသည်မှာ ယနေ့တွင် ၄ရက်မြောက်ရှိလာသည်။
ထိုစစ်ကြောင်းကြောင့် အင်းလယ်ကြီး၊သရက်တာ၊အင်္ဂါထောင့်၊ကိုင်းရိုး၊မဲသည်၊ပေလည်၊ ဆူးပုတ်ကုန်း၊ ညောင်ပင်ရွာမ၊ရွာသစ်၊ဉာဏ်အင်း၊ထိန်တော၊သပြေသာ၊ဗိုလ်ကုန်း၊ရှမ်းတပ်၊မန်ကျီးကုန်း၊ဆူးတပ်၊ဆင်နင်း နှင့် ဖုတ်ကုန်းရွာ စုစုပေါင်းရွာ ၁၈ ရွာမှ ပြည်သူ ၁၅၀၀၀ ဦး ခန့်အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။