ပြည်သူ့လွတ်လပ်ရေးတပ်တော် တပ်ဖွဲ့ဝင်သစ် ခေါ်ယူနေ
************************************
သံလွင်ခက်။
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။
ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independent Organization/People Independent Army-PIA ) က တပ်ဖွဲ့ဝင်သစ်များ ခေါ်ယူနေသည်ဟု ယင်းအဖွဲ့က ပြောသည်။
ပြည်သူ့လွတ်လပ်ရေးတပ်တော် အနေဖြင့် နည်းဗျူဟာကျ တိုက်ပွဲများ ဖော်ဆောင်နိုင်ရန် ပြင်ဆင်ဖွဲ့စည်းနေပြီး အပါတ်စဉ် (၄) အခြေခံစစ်သင်တန်းအတွက် သင်တန်းသစ် ခေါ်ယူနေခြင်းဖြစ်သည်။
အပါတ်စဉ် (၄) အခြေခံစစ်သင်တန်း တက်ရောက်မည့် သင်တန်းသားများအနေဖြင့် သင်တန်းဝင်ရောက်ခွင့်ဖောင်များကို စတင်လျှောက်ထားနိုင်ပြီး လျှောက်ထားလာသည့် ဝင်ခွင့်ဖောင်များထဲမှ ပြန်လည် စီစစ်ရွေးချယ်သွားမည်ဖြစ်သည်ဟု PIA တာဝန်ရှိသူများက ဆိုသည်။
အသက် ၁၈ နှစ်ပြည့်ပြီးသူများအနေဖြင့် သင်တန်းတက်ရောက်လိုပါက ပြည်သူလွတ်လပ်ရေးတပ်တော်၏ ဖေ့ဘွတ်လူမှုစာမျက်နှာမှ တစ်ဆင့် ဆက်သွယ်နိုင်သည်ဟု ဆိုသည်။
သင်တန်းတက်ရောက်မည့် သူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေနေများ ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော်၏ တာဝန်ခံ ကိုမိုးနေလက ပြောသည်။
၎င်းက ” အရပ်သားတစ်ယောက်အနေနဲ့ အမိန့်နာခံမှုနဲ့ စည်းကမ်းကောင်းတဲ့ ကိစ္စတွေကိုလည်း သင်ကြားရမှာဖြစ်တယ်။ သူတို့အတွက် ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကော အမှန်တကယ်ပင်ပန်းတယ်။ အဲ့တာတွေကို ကျော်ဖြတ်သွားပြီးမှ ဆက်ပြီး တော်လှန်ရေးအလုပ်လုပ်လို့ရမှာ ဖြစ်တယ် ” ဟု ဆိုသည်။
ပြည်သူ့လွတ်လပ်ရေးတပ်တော်ကို ၂၀၂၁ခုနှစ် ဒီဇင်ဘာတွင် စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ကရင်နီပြည်ထဲတွင် အခြေစိုက်ကာ စစ်ဒေသ ၂ ခုခွဲ၍ လှုပ်ရှားလျက်ရှိသည်ဟု PIA တာဝန်ရှိသူများက ပြောသည်။
ပြည်သူ့လွတ်လပ်ရေးတပ်တော်ကို CDM ဝန်ထမ်းများ၊ ကျောင်းသားများနှင့် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လူငယ်များ စုပေါင်း၍ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။