ကျောက်ထု တိုက်နယ်မှာ ဆန်၊ စပါး၊ ရောင်းချ သယ်ယူခွင့် ကန့်သတ်
***********************
သံလွင်ခက်။
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ပြင်ပသို့ ဆန်၊ စပါး၊ ဖွဲ နှင့် စကွဲ ရောင်းချခွင့်ကို ရပ်ဆိုင်းလိုက်သည်ဟု တိုက်နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။
တိုက်နယ်ပြင်ပသို့ ဆန်၊ စပါး၊ ဖွဲ နှင့် စကွဲ ရောင်းချသယ်ယူခွင့်ကို မတ်လ ၁ ရက်နေ့ကစပြီး ရက်အကန့်သတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီက ယောဒေသကို ဆန် သယ်ယူခွင့် ပိတ်ပင်ထားသည့်အတွက် ဒေသအတွင်း ဝမ်းစာဖူလုံရေးအတွက် ယခုကဲ့သို့ တားမြစ်ရခြင်းဖြစ်သည်ဟု ကျောက်ထုတိုက်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးမှူး ကိုယောကြီးက ပြောသည်။
၎င်းက “ တော်လှန်ရေးကာလမှာ ပခုက္ကူ၊ ချောက်စသဖြင့် ဆန်ပေါများရာ ဒေသတွေကနေ ပေါက်မြို့ သရက်ဂိတ်ကိုကျော်ပီး သယ်လို့မရပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျနော်တို့ ယောနယ်ကို ဖြတ်လေးဖြတ်လုပ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဒေသမှာ ဝမ်းစာဖူလုံဖို့ရော ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံနိုင်ဖို့တားမြစ်ရတာပါ ” ဟုဆိုသည်။
စစ်ကောင်စီက ပြီးခဲ့သည့်နှစ် မေလ ၊ ဇွန်လမှ စတင်ကာ ယောနယ်ဒေသသို့ ဆန်၊ စပါးသယ်ယူခွင့် ပိတ်ပင် ကန့်သတ်ထားသည်။
ဆန်၊ စပါးအပြင် ဆေးဝါး၊ ရိက္ခာ ပစ္စည်းသယ်ယူခွင့်များကို ကန့်သတ်ထားသည့်အတွက် ရိက္ခာဝယ်ရာတွင် ကုန်စျေးနှုန်းမြင့်တက်မှုများရှိသည်ဟု ဂန့်ဂေါခရိုင်၊တပ်ရင်း ၈ တပ်ရေး တာဝန်ခံက ပြောသည်။
၎င်းက ” အဲ့လိုပိတ်တော့ စျေးက တော်တော်ကွာတယ်။ ရှုးရှဲထုပ်လေးကအစ အရင်ကတစ်ထုပ်မှ ၅၀ ၊ ၅၀က အခုဆိုရင် ၂၀၀လောက်ထိဖြစ်လာတယ် ” ဟု ဆိုသည်။
ဒေသထွက် ဆန်စပါးက ဖူလုံမှုရှိသည့်အပြင် ပိုလျှံသည့် ဆန်စပါးများကို တစ်နှစ်စာ မိမိတို့ စားသုံးရန်နှင့် လှူရန်ချန်ထားပြီး အခါအားလျှော်စွာ ရောင်းချခွင့် ပြုပေးခဲ့သည်ဟု ပြည်သူ့အုပ်ချုပ်ရေးမှူး ကိုယောကြီးက ဆိုသည်။
ယခုကဲ့သို့ တိုက်နယ် ပြင်ပသို့ ဆန်၊ စပါး၊ ဖွဲ နှင့် စကွဲ ရောင်းချသယ်ယူခွင့် ရပ်ဆိုင်းမှုကို ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်ပြီး အများသဘောနှင့် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ရှောင်များအတွက် ဝယ်ယူလိုပါက တိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့စည်းတစ်ခုခုထံသို့ အကြောင်းကြားရမည်ဖြစ်ပြီး သယ်ယူခွင့်ကို တိုက်နယ် ပအဖ၊ ပကဖ၊ ကျောက်ထု PDFတို့ စုံညီအစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – ကျောက်ထုဒေသ အတွင်းက မီးဘေးသင့်အိမ်ထောင်စုများထံ အလှူရှင်များက ဆန်လှူဒါန်းနေသည့် မြင်ကွင်း။
Photo – ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။