မာရှယ်လောထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်များ ငွေကြေးတောင်းခံမှု ပိုများလာ
*************************
ဖေဖော်ဝါရီ ၁၇၊၂၀၂၃။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ်မြို့နယ်တွင် မာရှယ်လောထုတ်ပြန်ပြီးနောက် ကုန်တင်ယာဉ်မောင်းများထံမှ ငွေကြေးတောင်းခံမှုများ ပိုများလာသည်ဟု ကုန်တင်ယာဉ်မောင်းများက သံလွင်ခက်ကို ပြောသည်။
မာရှယ်လောထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် လက်အောက်ခံပျူစောထီးတပ်ဖွဲ့၀င်များက ယာဉ်မောင်းများထံမှ ငွေကြေးကောက်ခံကာ ဒူးထောက်စစ်ဆေးခံရမှုများလည်းရှိသည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။
ကုန်တင်ယာဉ်မောင်းတစ်ဦးက “ ကျွန်တော်တို့အနေနဲ့ စားသောက်ကုန်တွေသယ်တဲ့အချိန်မှာ ပိုက်ဆံပိုပြီးပေးရတယ်။ တစ်ခါတလေဆို ဒူးထောက်ခိုင်းတယ်၊ နေပူလှန်းတယ်၊ သူတို့ရိုက်တာခံရတယ်။ ဒါကတော့ ကားသမားတိုင်းလိုလို ကြုံနေကြရတာဘဲ။ သူတို့မူးနေတဲ့အချိန်ဆို ပိုဆိုးတာပေါ့ ” ဟု ပြောသည်။
အိမ်စီးကား အသေးတစ်စီးကို နှစ်သောင်းမှ ငါးသောင်းအထိ တောင်းခံပြီး ကုန်ကားကြီးများကို ငါးသောင်းမှ တစ်သိန်း ၊နှစ်သိန်း အထိ ပေးဆောင် နေရသည်ဟု ဆိုသည်။
တစ်ချို့ကားများကို ဖမ်းဆီးထားပြီး ငွေကြေး သိန်းနှစ်ဆယ်ဖြင့် ပြန်လည်ရွေးယူခိုင်းမှုမျာလည်းရှိသည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ရေးဂိတ်များတွင် ကျန်းမာရေးအတွက် အသုံးပြုသည့် အိမ်သုံးဆေးဝါးများ တွေ့ရှိပါက အဆမတန် ငွေကြေးတောင်းခံပြီး ဖမ်းဆီးထောင်ချမှုများလည်းရှိသည်ဟု ဆိုသည်။
“ ကျွန်တော်တို့အနေနဲ့ ဆေးဝါးတွေသယ်ရတာပိုခက်ခဲတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိုက်ဆံပိုပြီးတောင်းတယ်။ ဆေးဝါး နှစ်သောင်းဖိုးမိရင် နှစ်သိန်းပေးရတယ်။အကိုက်အခဲပျောက်ဆေးတွေမိရင်တောင်ပိုပြီးအစစ်ဆေးကြမ်းတယ်။ငွေပိုတောင်းတာတွေရှိတယ်။ ဖမ်းပြီးငွေညစ်တာမျိုးတွေရှိတယ် ” ဟု အခြားကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်အောက်ခံပျူစောထီးတပ်ဖွဲ့များ ငွေကြေးတောင်းခံမှုအပေါ် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သတိထားစောင့်ကြည့်နေသည်ဟု ဖက်ဒရယ်တော်လှန်ရေးအင်အားစု – ဂန့်ဂေါ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းကာလကို ၆ လသက်တမ်း ထပ်မံတိုးခဲ့ပြီးနောက် မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး မာရှယ်လော အာဏာကျင့်သုံးရန် ဖေဖော်ဝါရီ ၂ ရက်က ထုန်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
မာရှယ်လောထုတ်ပြန်ထားသည့် ဒေသများမှာ မကွေးတိုင်းဒေသကြီးမှ ဂန့်ဂေါမြို့နယ်အပါအဝင် (၅) မြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီး(၁၁) မြို့နယ်၊ ပဲခူတိုင်းဒေသကြီး(၅) မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး(၂) မြို့နယ်၊ ချင်းပြည်နယ်(၇) မြို့နယ်၊ကယားပြည်နယ်(၄) မြို့နယ်၊ မွန်ပြည်နယ်(၁) မြို့နယ်နှင့် ကရင်ပြည်နယ်က (၂) မြို့နယ်ပါဝင်သည်။
ပုံစာ – မာရှယ်လောထုတ်ပြန်ပြီးနောက် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမြင်ကွင်း။
Photo – Crd