စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှု ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး သံဃာတော်များ ထိခိုက်ဒဏ်ရာရ
***********************************
ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်၏ (ခမရ-၉) မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိကျောင်းအိုင်ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး သံဃာတော်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့တွင် ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ အမှတ် (၉) အမြောက်တပ်ရင်းမှ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ (၁)၊ သထုံမြို့နယ်၊ မိချောင်းအိုင်ကျေးရွာ အတွင်းသို့ ယခုလ ဖေဖော်ဝါရီ ၁၁ ရက်၊ ည ၈း၃၀ နာရီတွင် မိကျောင်းအိုင်ကျေးရွာတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါပစ်ခတ်မှုတွင် လက်နက်ကြီး ၁လုံးမှာ မိကျောင်းအိုင်ရွာရှိ ဘုန်းကြီးကျောင်းဝန်းထဲကျရောက်ပေါက်ကွဲပြီး သိမ်ပျက်စီးကာ သံဃာတော် ၂ ပါးနှင့် သာမဏေ ၁ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သော သာမဏေ တစ်ပါးမှာ ရှင်တေဝဏ်သ သက်တော် (၁၁)နှစ် အရွယ်ဖြစ်ပြီး သံဃာတော်နှစ်ပါးမှာ ဦးသောမန သက်တော် (၅၆)နှစ်နှင့် ဦးပဏ္ဍိတ သက်တော် (၇၁)နှစ်တို့ ဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်မှ သိရသည်။
စစ်ကောင်စီတပ်၏ (ခမရ-၉)နှင့် (ခမရ-၃၁၄) တပ်ရင်းမှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ (၁)၊ သထုံမြို့နယ်တွင်းရှိ ကျေးရွာများထဲသို့ မကြာခဏ လက်နက်ကြီးပစ်ခတ်သောကြောင့် ရွာနေဒေသခံများမှာ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူဗဟိုက ဖော်ပြထားသည်။