စစ်ကောင်စီတပ်ကို KNLA ဝင်ရောက်ပစ်ခတ်ရာ ၃ ဦး အပြင်းအထန်ဒဏ်ရာရ
********************************
ဖေဖော်ဝါရီ ၁၀၊၂၀၂၃။
ကေအဲန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များ KNLA ရဲဘော်များက သွားရောက်ပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ယမန်နေ့တွင် မူတြော်သတင်းက ဖော်ပြထားသည်။
ယခုလ ဖေဖေါ်ဝါရီ ၇ ရက်နေ့၊ မွန်းလွဲ ၁:၀၀နာရီအချိန်ခန့်တွင် KNLA အမှတ်(၅)တပ်မဟာလက်အောက်ရှိ ရဲဘော်များသည် ဒွယ်လိုးမြို့နယ်၊ မယ်ဝေအုပ်စု၊ တိုမယ်ခီးရွာအခြေစိုက် စစ်ကောင်စီတပ်အား ဝင်ရောက်ပစ်ခတ်ခဲ့သည်။
အဆိုပါပစ်ခတ်မှုအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး KNLAအမှတ်(၅) တပ်မဟာရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။
ထို့နောက် စစ်ကောင်စီတပ်က မွန်းလွဲ ၁:၃၀ နာရီအချိန်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် မယ်ဝေဃောဝါး၊ ထိုကော့ကျော်ခီးကျေးရွာအပေါ်ပျံဝဲကာ ဗုံးသီး(၃)လုံးနှင့် စက်သေနတ်အချက်ပေါင်း ၁၀၀၀ ခန့် တရစပ်ပစ်ချခဲ့ရာ ရွာတွင်းရှိ ဒေသခံနေအိမ်တစ်လုံး ထိမှန်ပျက်စီးသွားခဲ့သည်ဟု သိရသည်။
တစ်ဖန် မွန်းလွဲ ၂:၀၀နာရီအချိန်တွင် စစ်ကောင်စီတပ်က MIG-35တစ်စီးဖြင့် မယ်ဝေကျေးရွာရှိ ပြည်သူများအသက်မွေးဝမ်းကျောင်းပြုရာ လယ်ယာ၊ ဥယဉ်ခြံမြေအတွင်းသို့ စက်သေနတ်ဖြင့် အချက်ပေါင်း ၁၅၀၀ ခန့် ပစ်ခတ်ခဲ့ပြီး မရှေးနှောင်းတွင် ရိက္ခာတင်ရဟတ်ယာဉ်တစ်စီးရောက်လာကာ မယ်ဝေတပ်စခန်းအတွင်းသို့ ရိက္ခာ၊ လက်နက်ခဲယမ်းများဟုယူဆရသည့် အထုပ်ကြီး(၈)ထုပ်အား ကြဲချပေးသွားခဲ့သည်ဟု မူတြော်သတင်းကဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်း၌ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေရာ ပြီးခဲ့သောလတွင် ဂျက်တိုက်လေယာဉ်များ ၂၄ ကြိမ်တိုင်လာရောက်၍ ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့်ပစ်ခတ်ခြင်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၄ ဦးသေဆုံး၍ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပုံစာ – ပြီးခဲ့သော ဇန်နဝါရီလ ၃၁ရက်နေ့တွင်ကျင်းပခဲ့သော (၇၄)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှ KNLA တပ်ဖွဲ့ဝင်များ။