လက်နက်ကြီးထိမှန်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ်၊အုန်းပင်စုကျေးရွာမှ ဒေသခံ အမျိုးသား ၂ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကိုပြောသည်။
မုန်းမြို့နယ် ဝဲကြီးကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLA တပ်ဖွဲ့ဝင်များကြား ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီဝန်းကျင်တွင် ဝါးပင်စု ကျေးရွာနှင့် အုန်းပင်စုကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အနီးနားကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက်အုန်းပင်စုကျေးရွာမှ ဒေသခံ အမျိုးသား ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဒေသခံ အမျိုးသားက ” ညပိုင်းမှာ တိုက်ပွဲခဏဖြစ်တယ်။ အဲ့တာပြီးတော့ သူတို့က ကျေးရွာတွေကိုလက်နက်ကြီးနဲ့ စပစ်တာ။ အဲ့မှာ ၂ ဦးထိသွားတာ ” ဟုဆိုသည်။
ထို့ပြင် ဒေသခံ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စစ်ကောင်စီတပ် ခမရ–၃၅၁နှင့် ခလရ–၆၀ သည် မုန်းမြို့နယ်၊ မြင်သာယာကျေးရွာတွင်းသို့ စတင်ဝင်ရောက်ပြီး ဝဲကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲခဲ့သည်။
ထိုသို့ ဝင်ရောက်စဉ် မြင်သာယာကျေးရွာမှ ဒေသခံများ၏ ဆိုင်ကယ် (၅) စီးနှင့် ဆန် (၁၀) အိတ်ကို ၎င်းတို့တပ်စွဲထားသည့် ဝဲကြီးဘုန်းကြီးကျောင်းသို့ ယူဆောင်သွားသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ဖေဖော်ဝါရီ၅ ရက်တွင် ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ကျေးရွာအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ တပ်မဟာ (၃) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့်လက်နက်ကြီးထိမှန်မှုကြောင့် ဇီးခုံကျေးရွာရှိ ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်က ကျေးရွာအတွင်းတပ်စွဲထားသည့်အပြင် အနီးနားဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မုန်းမြို့နယ်ရှိ မြင်သာယာကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ညောင်ပင်ဆိပ်ကျေးရွာ၊ ဗမာမျက်ရဲကျေးရွာ၊ လပတ်ကျေးရွာနှင့် မရမ်းစိမ်လေးကျေးရွာစသည့် ကျေးရွာ ၆ ရွာမှ လူဦးရေ (၅၆၆၆) ဦး သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU က ထုတ်ပြန်ထားသည်။
ပုံစာ – မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့် မြင်ကွင်း။
Photo – KNU