CDFတပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှုများဖြင့် စစ်ကောင်စီတပ်ဖွဲ့ဆုတ်ခွာခဲ့ရ
******************
သံလွင်ခက်။
ဖေဖော်ဝါရီ ၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးပူးပေါင်းတပ် အင်အား ၂၀ ခန့်သည် တပ်ချိန်းရန်ဂန့်ဂေါမြို့သို့သွားရာလမ်းတွင် CDF-KKG တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ယနေ့တွင် CDF-KKGက သတင်း ထုတ်ပြန်သည်။
ယခုလ ဖေဖော်ဝါရီ ၆ ရက်၊ နံနက်ပိုင်းတွင် ကလေးမြို့နယ်တောင်ပိုင်းရှိ ရန်ကြီးအောင်စခန်းနှင့် မြောက်စည်းရဲစခန်းတို့မှ စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးပူးပေါင်းတပ် အင်အား ၂၀ ခန့်သည် တပ်ချိန်းရန် ဂန့်ဂေါမြို့သို့ ခြေလျင်စစ်ကြောင်းထိုးလာပြီး ချင်းကင်းရွာအနီးတွင် ထိတွေ့မှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်များ အထိနာခဲ့သည်ဟု သိရသည်။
ထိုစစ်ကြောင်းနှင့် ပစ်ခတ်နေစဉ် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ပျူရွာများမှ စစ်ကောင်စီတပ်များနှင့်ပျူစောထီး အင်အား၁၀၀ကျော်က ကမ္ဘာနီတံတားဘက်မှတစ်ဆင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့သည်ဟု သိသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးကျဆုံးကာ ဒဏ်ရာရရှိသူ များပြားခဲ့ပြီး နေ့လည် ၂ နာရီဝန်းကျင်တွင် ပြန်လည်ဆုတ်ခွာကာ CDF-KKG မှရဲဘော်များ တစ်စုံတစ်ရာ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ သေဆုံးသွားသောအရာရှိမှာ မြောက်စည်းရဲစခန်းမှူး နှစ်ပွင့်ဗိုလ် ဟန်ထက်ဖြစ်ကြောင်း ဒေသခံများထံမှသတင်းရရှိသော်လည်း သီခြားအတည်ပြုနိုင်ခြင်းမရှိဟု CDF-KKG ကဖော်ပြထားသည်။
နယ်နိမိတ်ချင်းထိစပ်နေသည့် ကလေးမြို့နယ်တောင်ပိုင်းနှင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတို့ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များ တပ်စွဲထားကြကာ ဒေသခံပြည်သူများအား စစ်သင်တန်းများပေးပြီး လက်နက်များတပ်ဆင်ပေးနေသဖြင့် ပျူစောထီးအင်အားများ များပြားလျက်ရှိသည်ဟု သိရသည်။