PSDA ခေါင်းဆောင် ၄ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီချမှတ်
***********************************************
သံလွင်ခက်။
ဖေဖော်ဝါရီ ၈၊ ၂၀၂၃။
ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ ( PSDA ) တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုတွင် ပါဝင်သည်ဟုဆိုသည့် ခေါင်းဆောင် ၄ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်ဟု ယင်းအဖွဲ့ဝင်တစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/ TNLA တရားရေးဌာနက ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
PSDA အဖွဲ့ဝင်တစ်ဦးက “ အားလုံးပေါင်း ၁၀ ယောက်ပေါ့ ၊ ၁၀ ယောက်ထဲက သူတို့ ခေါင်းဆောင် လေးယောက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ စီချလိုက်တာ ” ဟုဆိုသည်။
ပစ်ခတ်မှုဖြစ်စဉ်တွင် ပါဝင်သည့် PSDA တပ်ဖွဲ့ဝင်များအပါအဝင်၂၅ ဦးကို PSLF/ TNLA စစ်ခုံရုံးက ရုံးတင်စစ်ဆေးပြီးနောက် ကိုရွှေလီအပါအဝင် ခေါင်းဆောင် ၄ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ခြင်းဖြစ်သည်။
အခြားတပ်ဖွဲ့ဝင် ၆ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့ပြီး ကျန်ရှိနေသည့် တပ်ဖွဲ့ဝင် ၁၅ ဦးကို စစ်ဆေးပြီးနောက် ပြန်လည်လွတ်ပေးခဲ့သည်ဟု PSDA အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ် အသေးစိတ်နှင့် နှစ်ရှည်ထောင်ချမှတ်ခဲ့ခြင်းကို ပိုမိုသိရှိနိုင်ရန် TNLA တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော်နှင့် ဒုဗိုလ်မှူးကြီး တားပါန်လ တို့ကို သံလွင်ခက် သတင်းဌာနက ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ် နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တစ်နေရာ၌ PSDA တပ်ဖွဲ့မှ ခွဲထွက်သွားသည့် ရဲဘော် ၁၄ ဦးနှင့် PSDA တပ်ဖွဲ့ဝင်များထိပ်တိုက် တွေ့ဆုံခဲ့ပြီး သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုအတွင်း ၆ ဦးသေဆုံးခဲ့ကာ ၄ ဦးဖမ်းဆီးခံခဲ့ရပြီး ၄ ဦး ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ကနဦး သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ ( PSDA ) တပ်ဖွဲ့သည် စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်ရန်အတွက် ၂၀၂၁ခုနှစ်၊ ၃ လပိုင်းတွင်ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် နမ့်ခမ်းဘက်တွင် လှုပ်ရှားနေသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။
ပုံစာ – ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် PSDA တပ်ဖွဲ့ဝင်များ။