” မိန်းမခိုးပြေးလာသောအရပ်သားများ ” အသွင်ဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး အဖမ်းခံရပြီးသေဆုံး
****************
ဖေဖော်ဝါရီ ၈၊ ၂၀၂၃။
အရပ်သားအသွင်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်-PDFများ၏ သတင်းထောက်လှမ်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)က ထိန်းသိမ်းခဲ့သည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း၊ ဂန့်ဂေါ်ခရိုင်အတွင်းရှိ YRA-ထီးလင်းအဖွဲ့၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် မသင်္ကာဖွယ်ရာရှိသူ သုံးဦးအား စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးထိန်းသိမ်း လိုက်ခြင်းဖြစ်သည်ဟု YRA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖမ်းဆီး ထိန်းသိမ်းပြီးနောက် စစ်ဆေးနေစဉ် နေ့လည်ပိုင်းတွင် ထွက်ပြေးသည့်အတွက် ပြန်လည်ဖမ်းဆီးရာတွင် သေဆုံးသွားသည်ဟု YRA −ထီးလင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ သခင်ဇော်က သံလွင်ခက်ကို ယနေ့ နံနက်ပိုင်းတွင် ပြောသည်။
၎င်းက “ ကျွန်တော်တို့ သူတို့ကို ကောင်းကောင်းမွန်မွန်ထမင်းကျွေးတယ်။ သူတို့ကို ချည်နှောင်ထားတဲ့ကြိုးတွေကိုဖြေပေးပြီးတော့ သူတို့ကို စစ်ဆေးမေးမြန်းချိန် ထွက်ပြေးဖို့ကြိုးစားတယ်။အဲ့ဒါကြောင့်ပစ်ခတ် ဖမ်းဆီးလိုက်ရတယ် ၊ ဒဏ်ရာတစ်ချို့နဲ့သေဆုံးသွားပါတယ် ” ဟု ပြောသည်။
အဆိုပါတပ်ဖွဲ့ဝင်သုံးဦးသည် စစ်ကောင်စီ ခြေလျင်တပ်ရင်း ၅၅ မှတပ်ဖွဲ့၀င် ၂ ဦးဖြစ်ပြီး ပျူးစောထီးအဖွဲ့၀င် အမျိုးသမီး ၁ ဦးပါ၀င်သည်။
မသေဆုံးမီ စစ်ဆေးချက်များအရ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခေါင်းဆောင်များက ၎င်းတို့ကို ” မိန်းမခိုးပြေးလာသောအရပ်သားများ ” အဖြစ်ဟန်ဆောင် ကာ သတင်းရယူရန်စေလွှတ်ထားခြင်းဖြစ်သည်ဟု YRA −ထီးလင်းအဖွဲ့က ထုတ်ပြန်ထားသည်။
Photo-YRA – ထီးလင်းအဖွဲ့။