မှော်ချီးသတ္ထုတွင်းဘက်သို့ အလုပ်သွားလုပ်မည့် အလုပ်သမားများကား မိုင်းထိမိ၍ သေဆုံးမှုနှင့်ပြင်းထန်ဒဏ်ရာရရှိမှု ဖြစ်ပွား
*********************************
ဖေဖော်ဝါရီ ၇၊ ၂၀၂၃ ။
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ရှိ မှော်ချီးသတ္တထုတွင်းများဘက်သို့ အလုပ်သွားလုပ်ရန် အလုပ်သမားများစီးလာသည့်ကား မိုင်းထိမိ၍ သေဆုံးမှုနှင့်ပြင်းထန်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
အဆိုပါ အလုပ်သမားများသည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ စစ်ကြောင်းများ မကြာခဏအထိုးခံရပြီး ကျေးရွာနေအိမ်များ ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခံထားရသည့် မကွေးတိုင်းဒေသကြီးဘက်မှ လာရောက်သူများဖြစ်သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၆ရက်၊ နေ့လည်ပိုင်းတွင် ထိုအလုပ်သမားများကို လိုက်ပို့ပေးသော Air Wax အိမ်စီးကားသည် လွိုင်ကော်မြို့အထွက် ဇရပ်ဖြူရွာလမ်းတွင် မိုင်းထိမိခဲ့ခြင်းဖြစ်သည်။
မိုင်းထိမိခြင်းကြောင့် ကားပေါ်ပါအမျိုးသား ၄ဦးနေရာတွင်ပင်သေဆုံး၍ ကျန်အမျိုးသား ၂ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ရွှေလွိုင်ကော်လူမှုကူညီရေး ပရဟိတအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မိုးမြင့်က သံလွင်ခက်ကိုပြောသည်။
“ မှော်ချီးမှာ အလုပ်သွားလုပ်မယ့်သူတွေ။ လာတာကမကွေးဘက်ကနေလာကြတာ။ သူတို့ကိုလွိုင်ကော်ကနေလိုက်ပို့တာပေါ့။ ကားထိသွားနဲ့အချိန်မှာ လိုက်ပို့ပေးတဲ့ လွိုင်ကော်က ကားသမားနဲ့စပယ်ယာသေတယ်။ အလုပ်သမား နှစ်ယောက်သေတယ် ” ဟု ၎င်းက ပြောသည်။
ပြင်းထန်ဒဏ်ရာရရှိသော နှစ်ဦးကိုလွိုင်ကော်ဆေးရုံကြီးသို့ပို့ဆောင်ထားပြီး အဆိုပါလူနာနှစ်ဦးလုံးမှာ ခန္ဓာကိုယ်အနှံ့၌ ဒဏ်ရာများရရှိထားသောကြောင့် အခြေအနေသိပ်မကောင်းဟု ဆရာဝန်ကပြောကြားကြောင်း ဦးအောင်မိုးမြင့်က သံလွင်ခက်ကို ပြောသည်။
အဆိုပါ ကားမိုင်းထိရာဇရပ်ဖြူရွာလမ်းသည် လွိုင်ကော်နှင့် မှော်ချီးဒေသဘက်ကိုဆက်သွားထားသောလမ်းပိုင်းဖြစ်ကာ ပြီးခဲ့သောလတွင် တိုက်ပွဲများပွဲဖြစ်ပွားထားပြီး ဖြတ်သန်းသွားလာမှုမရှိဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
” အဲနားကတော့ဘယ်သူဘယ်ဝါ ထိန်းချုပ်ထားတယ်လို့ မရှိဘူးဗျ။ ရှေ့တစ်လပိုင်းလာက်ကတိုက်ပွဲဖြစ်ထားတယ်။ တိုက်ပွဲဖြစ်ထားတော့လမ်းကမသွားကြဘူးဗျ။ အခုမှသူတို့ပြန်သွားတာထိသွားတာပဲ ” ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
လက်ရှိအာဏာသိမ်းကာလအတွင်း၌ တိုက်ပွဲများတောက်လျောက်ဖြစ်ပွားနေသည့် ကရင်နီပြည်တွင် အရပ်သားပြည်သူနှင့်စစ်ဘေးရှောင်ပြည်သူ ၄၃၀ ဦးအထိသေဆုံးထားသည်ဟု ယခုနှစ်ဇန်နဝါရီလကုန်ပိုင်းတွင် တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက ထုတ်ပြန်ထားသည်။
ထိုသေဆုံးမှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်သတ်ခံရခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရခြင်း၊ လက်နက်ကြီးများကျရောက်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခံရခြင်း၊ မိုင်းထိမိခြင်းနှင့် ဆေးဝါးများပြတ်လပ်ခြင်းစသည့်အကြောင်းအရင်းကြောင့် သေဆုံးမှုအများဆုံးဖြစ်သည်ဟု သိရသည်။
ပုံစာ – ကားမိုင်းထိမိသည့်ဖြစ်စဥ်တွင် ရွှေလွိုင်ကော် လူမှုကူညီရေးပရဟိတအသင်းမှ ကူညီကယ်ဆယ်ရေးများပြုလုပ်နေမှုများ။