” မြို့ပြပြောက်ကျား ” ရုပ်ရှင် ဩစတြေးလျနိုင်ငံတွင် ပြသ
*****************************
ဖေဖော်ဝါရီ ၆၊ ၂၀၂၃။
ဒါရိုက်တာ သည်ခေတ်နေ ပုံဖော်ရိုက်ကူးထားသော ” မြို့ပြပြောက်ကျား ” ရုပ်ရှင်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် ဩစတြေးလျနိုင်ငံ၌ ပထမဆုံးအကြိမ် စတင်ပြသခဲ့သည်ဟု သိရသည်။
မြို့ပြပြောက်ကျားသူရဲကောင်းများကို ဂုဏ်ပြုရိုက်ကူးထားသော ရုပ်ရှင်ဇာတ်လမ်းတိုကို ဩစတေးလျနိုင်ငံ Sydney မြို့ရှိ လူသုံးရာကျော်ဆန့်သည့် Bryan Brown Theatre တွင် ညနေ၅နာရီနှင့် ၇နာရီတွင် နှစ်ကြိမ်ခွဲ၍ ပြသခဲ့သည်ဟု ဒါရိုက်တာသည်ခေတ်နေက သံလွင်ခက်ကို ပြောသည်။
“ ဇာတ်ကားထက်ကို ကျွန်တော်တို့နိုင်ငံအတွက် ပြည်သူတွေ၊ ပရိသတ်တွေ အများကြီးလာကြည့်စေခဲ့တာ။ ရုံအပြည့်လည်း လာကြည့်ကြပါတယ် ” ဟု ၎င်းက ပြောသည်။
ရုံဝင်ခအဖြစ် သြစတြေးလျဒေါ်လာ ၄၀ သတ်မှတ်ထားပြီး ယမန်နေ့က နှစ်ကြိမ်ပြသခဲ့ရာတွင် ကျပ်သိန်း ၃၆၀ ကျော်ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါ ဇာတ်ကားပြသပြီး ရရှိငွေများအနက်မှ ၈၀ရာခိုင်နှုန်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန (MoD)မှတစ်ဆင့် အဓိကလိုအပ်သောနေရာများကို လှူဒါန်းသွားမည်ဖြစ်သည်။
” မြို့ပြပြောက်ကျား ” ဇာတ်ကားကို ဩစတြေးလျ၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ UK၊ ကိုရီးယားနိုင်ငံများတွင် ပြသမည်ဖြစ်ပြီး အခြားနိုင်ငံများနှင့်လည်း ချိတ်ဆက်နေလျက်ရှိသည်ဟု ဒါရိုက်တာ သည်ခေတ်နေက ပြောခဲ့သည်။
ထိုဇာတ်ကားသည် တော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့သော ယူဂျီလူငယ်နှစ်ဦးအကြောင်းကို အခြေခံရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်ပြီး ဩစတြေးလျနိုင်ငံတွင်ပင် ရိုက်ကူးထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တော်လှန်ရေးနှင့် ပြည်သူအားလုံးအတွက် ပြသသော ရုပ်ရှင်ဖြစ်သည့်အတွက် ကမ္ဘာအရပ်ရပ်တွင် ပြသသည့်အခါ ရုံပြည့်ရုံလျှံအားပေးစေချင်ကြောင်း၊ တခြားတော်လှန်ရေးဇာတ်ကားများ ပြသသည့်အခါတွင်လည်း အားပေးစေချင်သည်ဟု ၎င်းကပြောသည်။
“ စစ်ကို မလိုလားလို့ နောက်ဆုံးစစ်ပွဲအနေနဲ့တိုက်ကြမယ့်ပွဲမှာ ကျွန်တော်တို့သူရဲကောင်းတွေအားလုံးအတွက် ရည်ရွယ်ပြီးရိုက်ကူးဖြစ်ခဲ့တာပါ ” ဟု ဒါရိုက်တာ သည်ခေတ်နေက ပြောသည်။
အသက် ၃၆ နှစ်ရှိဒါရိုက်တာ သည်ခေတ်နေသည် အာဏာသိမ်းကာလအတွင်း၌ ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဝရမ်း နှစ်ကြိမ်ထုတ်ခံထားရသောကြောင့် ရှောင်တိမ်းရင်း လက်ရှိတွင် ဩစတြေးလျနိုင်ငံ၌ ရောက်ရှိအခြေချ နေထိုင်လျက် ရှိသည်။