စစ်ကောင်စီတပ်များကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၁၀၀ ကျော်သေဆုံး
************************
ဖေဖော်ဝါရီ၆၊ ၂၀၂၃။
ယခုနှစ် ဇန်နဝါရီလအတွင်း၌ စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် အရပ်သားပြည်သူ ၁၀၀ ဦးကျော် သေဆုံးခဲ့ရသည်ဟု အမျိူးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များကြောင့် အရပ်သားပြည်သူ ၁၁၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၃၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ ၉၅ ဦးကျော် မတရားဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
စစ်ကိုင်းတိုင်းတွင် သေဆုံးသူဦးရေ အများဆုံးဖြစ်ပြီး အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၂၀ ဦး၊ ကလေးသူငယ်၉ယောက်နှင့် သံဃာတော်တစ်ပါး စုစုပေါင်း ၈၀ သေဆုံးခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံကြဲ၊ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းနှင့်စစ်ကြောင်းထိုးစဥ်ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် ပြည်သူအများအပြား အသက်ဆုံးရှုံးနေရခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်တစ်ခုတည်း၌ပင် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ပြီး ကသာမြို့နယ်တွင်လည်း ဇန်နဝါရီလ ၁၈ ရက်၌ အရပ်သား ၇ ဦးသေဆုံးခဲ့သည်။
ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမည်ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများအပါအဝင် စစ်ကြောင်းထိုးမှုများကြောင့် နေအိမ်ပေါင်း ၅၀၀၀ ကျော်မီးလောင်ပျက်စီးခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှုကြောင့် ဆားလင်းကြီးနှင့် ပခုက္ကူမြို့နယ်ရှိ ဒေသခံပြည်သူ နှစ်သောင်းကျော် နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြလျက်ရှိသည်။
စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် နှစ်နှစ်အတွင်း၌ အရပ်သားပြည်သူ ၂၈၉၄ ဦးအထိသေဆုံးထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့