လက်လုပ်များဖြင့် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ ၁၃၀ ကျော်ရှင်းလင်းနိုင်ခဲ့
**********************
ဖေဖော်ဝါရီ ၄၊ ၂၀၂၃။
တပ်ဖွဲ့စတင်တည်ထောင်ချိန်မှစ၍ ၁၄ လတာ ကာလအတွင်း စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ ၁၃၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့သည်ဟု မြေအောက်လျှပ်စီး ပျောက်ကြားတပ်ဖွဲ့ထံမှ တဆင့် သိရသည်။
မြေအောက်လျှပ်စီး ပျောက်ကြားတပ်ဖွဲ့အနေဖြင့် ရွှေဘိုမြို့နယ်၊ အရာတော်မြို့နယ်၊ ဆားတောင်မြို့နယ်များတွင် လှုပ်ရှားလျက်ရှိပြီး တိုက်ပွဲပေါင်း ၈၀ ကျော်ဖော်ဆောင်နိုင်ခဲ့ကာ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ ၁၃၀ ကျော် ရှင်းလင်းနိုင်ခဲ့သည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မုန်တိုင်းက သံလွင်ခက်ကို ပြောသည်။
” ကိုယ်တိုင်ထုတ်ထားတဲ့ လက်လုပ်တွေနဲ့ အကောင်းဆုံး ကာကွယ်နေရတာ မောင်းပြန် auto တွေနဲ့ဆို ဒီထက်မက မစ်ရှင်ကောင်းတွေမြင်ရမယ် အထိအခိုက်ပိုများအောင်တိုက်နိုင်မယ်လို့ ယုံကြည်တယ် ” ဟု ၎င်းကဆိုသည်။
မြေအောက်လျှပ်စီး ပျောက်ကြားတပ်ဖွဲ့ ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရဲဘော် ၁၂ ယောက်နှင့်အတူ တူမီးသေနတ်များဖြင့် အစပြုခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
မိုင်းစမ်းသပ်ရင်း ရဲဘော်တစ်ယောက်ကျဆုံးခဲ့ရပြီး တိုက်ပွဲအတွင်း လက်လုပ်သေနတ်ချို့ယွင်းမှုကြောင့် ရဲဘော်၆ယောက်ကျဆုံးခဲ့ရသည်ဟုလည်း သိရသည်။
မြေအောက်လျှပ်စီး ပျောက်ကြားတပ်ဖွဲ့အနေဖြင့် မောင်းပြန်သေနတ်များ ဝယ်ယူနိုင်ရေးအတွက် ပြည်သူများတတ်အားသလောက်ကူညီပေးကြရန် မေတ္တာရပ်ခံ တောင်းဆိုထားသည်။