ကျောက်ထုံးကြီးရွာ NLD လွှတ်တော်ကိုယ်စားလှယ်နေအိမ်ကို စစ်ကောင်စီတပ်မီးရှို့
*************************
ဖေဖော်ဝါရီ ၃ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာ စက်ရုံကုန်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွာဝင်း၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အင်အား ၂၀၀ ဦးကျော်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ ကသာမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့နေသော စစ်ကောင်စီတပ်က ယခုလ ဖေဖော်ဝါရီ ၁ ရက်၊ ည ၆ နာရီတွင် ဦးကျော်စွာဝင်း၏ နေအိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု အသက် ၄၈ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ၃၁ ရက်ဇန်နဝါရီ နေ့လည် ၂ နာရီကျော်ခန့်တွင်လည်း ကျောက်ထုံးကြီးရွာရှိ ဒေါ်ဥမ္မာစိန်၏ နေအိမ်နှင့် နွားတင်းကုပ်ကိုလည်း မီးရှို့ခဲ့သည်။
” သူတို့က (စစ်ကောင်စီတပ်) အိမ်မှာနေခိုင်းတာ။ လူရှိမရှိတဲ့ နေအိမ်တွေဆို မီးရှို့တာ။ ဒေါ်ဥမ္မာစိန်တို့က အစိမ်းတွေ ဒါပေမယ့် အိမ်မှာလူမရှိလို့ အရှို့ခံလိုက်ရတာ ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ကျောက်ထုံးကြီးရွာကို မီးရှို့ပြီးနောက် စစ်ကောင်စီတပ်သည် ကျောက်ထုံးကြီးနှင့် တစ်မိုင်ခန့်ရှိ နွယ်နီရွာသို့ စစ်ကြောင်းထိုးခဲ့ရာ နွယ်နီရွာ၊ မာဂရီရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု သိရသည်။