ခမရ ( ၃၀၇ ) တပ် လက်နက်ကြီး အပစ်ခံရ
**************************
သံလွင်ခက်။
ဖေဖော်ဝါရီ ၃၊ ၂ ၊ ၂၀၂၃။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခမရ ( ၃၀၇ ) တပ်အတွင်းသို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် သွားရောက်ပစ်ခဲ့သည်ဟု ယနေ့တွင် ထုတ်ပြန်သည်။
ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၃၁ ရက်တွင် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နှင့် အောင်မြင်မြို့ ( တောကျွဲအင်းမြို့ ) ကြားရှိ ခမရ ( ၃၀၇ ) တပ် လက်နက်တိုက်၊ ဗဟိုကင်းနှင့် ဧည့်ရိပ်သာဘက်ဆီသို့ လက်နက်ကြီးဖြင့် ၃ချက် သွားရောက်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလောတွင် စစ်ကောင်စီဘက်မှ အကျဆုံးသတင်း ထုတ်ပြန်ခြင်းမရှိသော်လည်း ထိခိုက်မှုအခြေနေများနှင့် ပတ်သက်ပြီး ဆက်လက်စုံစမ်းနေသည်ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
၎င်းက “ ထိခိုက်တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နောက်ဆက်တွဲကြားတာကတော့ သူတို့တပ်ရှေ့က ဘုန်းကြီးကျောင်းကနေ သံဃာတွေ ပင့်ပြီး တရားနာရတယ်လို့ ကြားတယ် ” ဟုဆိုသည်
အဆိုပါ စစ်ဆင်ရေးတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ် ပကဖနှင့် ကျောက်တံခါးမြို့နယ် ပကဖတို့ ပူးပေါင်း၍ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ပိန်းဇလုတ်မြို့အခြေစိုက် ခမရ ( ၂၆၄ ) တပ်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခဲ့ဖူးသည်။