ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့သည်ဟု ဒေသခံသတင်းအရင်းအမြစ်များကဖော်ပြထားသည်။
ယနေ့ဖေဖော်ဝါရီလ ၁ရက်၊ နံနက်ပိုင်းတွင် ထန်တလန်မြို့ပေါ် အဆောက်အဦးတစ်ခုအတွင်း၌ CNA နှင့် CDF တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီတပ်သား ၆ဦးနှင့်အတူ လက်နက်၇ လက်နှင့်ဗုံးသီး ၈လုံးတို့ကိုလည်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ထန်တလန်မြို့ပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၃၁ရက်နံနက်ပိုင်း၌လည်း စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့်ဗုံးကြဲ၊ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သောဇန်နဝါရီလအတွင်း၌ ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခဲ့ရာ ထန်တလန်၊ မင်းတပ်၊ ဟားခါး ၊ မတူပီ မြို့နယ်များတွင် လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်ဝန်းကျင်ထိ ရှိခဲ့သည်။
ဓာတ်ပုံ-The Chin Journal