စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီက စစ်ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်ခဲ့ပြီး အဆိုပါဥပဒေချိုးဖောက်မှုလုပ်ရပ်များတွင် တာဝန်ရှိသူများကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်နိုင်ရန် ကြိုးစားသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ထုန်ပြန်ထားသည်။
မဲမသမာမှုများပြုလုပ်သည်ဟူသောအကြောင်းပြချက်ဖြင့် စစ်တပ်ကအာဏာသိမ်းယူခဲ့သည်မှာ ယနေ့ဖေဖော်ဝါရီ၁ရက်တွင် နှစ်နှစ်ပြည့်မြောက်ပြီဖြစ်သည်။
ပြည်သူ့အာဏာကို မတရားရယူရန်ကြိုးစားသည့် အာဏာဖီဆန်မှုမှ အစပြုသည့် စစ်ကောင်စီ၏ နှစ်နှစ်တာကာလအတွင်း ဥပဒေချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအားလုံးကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ပြီးထိခိုက်နစ်နာခဲ့ရသူများအားလုံးအတွက် တရားမျှတမှုကို ရယူပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ကြိုးစားသွားမည်ဟု ဆိုသည်။
နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီ၏အကြမ်းဖက်ညှင်းပန်းနှိပ်စက်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၂၈၉၄ ဦးသေဆုံးခဲ့ရပြီး ၎င်းတို့အနက်တွင် အသက်၁၈နှစ်အောက် ကလေးသူငယ် ၂၇၉ ဦး၊ အမျိုးသမီး ၄၄၇ ဦးနှင့်ကျန်းမာရေဝန်ထမ်း ၇၀ ဦး ပါဝင်နေသည်။
ထို့အပြင် ဘာသာရေးအဆောက်အအုံ ၁၆၃လုံးအပါအဝင် နေအိမ်စုစုပေါင်း ၆၀၀၀၀ ကျော်ကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် လူဦးရေ ၁.၅သန်းခန့်မှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ပြည်သူ့အာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်လုယူရန်ကြိုးစားခဲ့သည့် မင်းအောင်လှိုင်ဦးဆောင်သောအကြမ်းဖက်အုပ်စုအား ပြည်သူလူထုတစ်ရပ်လုံးက ခေါင်းငုံ့မခံဘဲ ဆန့်ကျင်တော်လှန်ခဲ့ကြသည့် နွေဦးတော်လှန်ရေးသည် ဘုံရည်မှန်းချက်တစ်ခုဖြင့် စုစည်းမိကြပြီဖြစ်ပြီး ဖက်ဆစ်စစ်တပ်ကို ဆက်လက်အမြစ်ဖြတ်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းထားသည်။
ပုံစာ–အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါးလရှီလနှင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ