ထန်တလန် ကြားကာလ စာသင်ကျောင်းများ ပြန်မဖွင့်နိုင်သေး
************
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၃။
ချင်းပြည်နယ် မြောက်ပိုင်း၊ ထန်တလန်မြို့က ကြားကာလပညာရေးကျောင်းများ ယနေ့ အချိန်အထိ ပြန်လည် မဖွင့်နိုင်သေးဟု ပညာရေးတာဝန်ခံများက ပြောသည်။
ထန်တလန်မြို့အနီး စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်များ မကြာခဏ ပျံသန်းမှုများကြောင့် ကြားကာလ ပညာသင်ကြားရေး စာသင်ကျောင်းများကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ ပိတ်ထားရခြင်း ဖြစ်သည်။
လေကြောင်း အန္တရာယ်ကို စိုးရိမ်နေရပြီး ကျောင်းသူ၊ ကျောင်းသားများ၏ လုံခြုံရေးအခြေအနေအရ ရက်အကန့်အသတ်မရှိ ပိတ်ထားရခြင်းဖြစ်သည်ဟု ထန်တလန်မြို့နယ် NUG ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆလိုင်းခရော့စ်ထန်းက သံလွင်ခက်ကို ပြောသည်။
“ စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို ဗုံးလာကြဲမှာစိုးလို့ပါ။ ရှေ့မှာလည်း ဗုံးကြဲတဲ့ သာဓကတွေရှိထားတော့ ဖွင့်လို့မရဘူး ” ဟု ၎င်းကဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ထန်တလန်မြို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ခံခဲ့ရသည့် အစောဆုံးမြို့ဖြစ်ပြီး မြို့ပေါ်နှင့် အနီးအနားကျေးရွာများရှိ ကလေးသူငယ်များ တိုက်ပွဲတိမ်းရှောင်ရင်း ပညာသင်ယူခွင့်ဆုံးရှုံးနေကြခြင်း ဖြစ်သည်။
အဆိုပါ ပညာသင်ယူခွင့်ဆုံးရှုံးနေသည့် ကလေးသူငယ်များအတွက် စေတနာ့ဝန်ထမ်းများ၊ မိဘပြည်သူများက ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထကြားကာလပညာရေးစနစ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။
လက်ရှိတွင် ကျေးရွာပေါင်း ၉၅ ရွာတွင် ကြားကာလကိုယ်ထူကိုယ်ထ ပညာရေး စာသင်ကျောင်းများ ဖွင့်လှစ်ကာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁၂၀၀ ခန့်က ကလေးသူငယ်ပေါင်း တစ်သောင်းခွဲကျော်ကို သင်ကြားပေးနေခြင်း ဖြစ်သည်။
စစ်ကောင်စီ လေကြောင်းရန်ကြောင့် ပညာရေးနှောင့်နှေးမှုများဖြစ်နေသဖြင့် နိုင်ငံတကာက လေယာဉ်မပျံသန်းရဇုန်များ သတ်မှတ်ပေးနိုင်ရန် ဆရာ၊ ဆရာမများက ပြောသည်။
သင်ကြားရေးတာဝန်ခံ ဆရာတစ်ဦးက “ နိုင်ငံတကာအနေနဲ့လည်း No Fly Zone တွေချမှတ်ပေးနိုင်မှ ကျွန်တော်တို့ပညာရေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်နိုင်ပြီး ထိခိုက်မှုအနည်းဆုံးဖြစ်မှာ ” ဟု ပြောသည်။
မြို့နယ်ပညာရေးဘုတ်အဖွဲ့အနေဖြင့် လေကြောင်းရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး စာသင်ကျောင်းများကို အမြန်ဆုံးပြန်ဖွင့်နိုင်ရန်ကြိုးစားနေသည်ဟု ပြောသည်။
၂၀၂၂ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းအလယ်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ဖူးသည်။
ပုံစာ – ထန်တလန်မြို့နယ်က ကြားကာလ ပညာရေးစာသင်ကျောင်း။
Photo – ထန်တလန်ပညာရေးအဖွဲ့။