စစ်ကောင်စီလုပ်ရပ်သည် မြန်မာနိုင်ငံရှိ မတူကွဲပြားသည့် ဘာသာဝင်များအကြား အမုန်းတရားများ တိုးပွါးစေနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
အာဏာသိမ်းထားသည့် ၂ နှစ်တာကာလအတွင်း ဘာသာရေးအဆောက်အအုံများအပါအဝင်နေအိမ်ပေါင်း၅၇,၈၀၉ ဖျက်ဆီးခံထားရသည်ဟု စစ်တမ်းနှင့် အချက်အလက်များကောက်ယူနေသည့် ISP Myanmar ကသတင်းထုတ်ပြန်ထားသည်။
ဘာသာရေး အဆောက်အဦးများ မီးရှို့ဖျက်ဆီးခံရမှုများသည် စုံလင်ကွဲပြားသည့် ဘာသာဝင်များအကြား အမုန်းတရား ကြီးထွားစေနိုင်သည်ဟု ISP Myanmar အကြီးတန်းသုတေသီ ကိုကျော်ထက်အောင်က သံလွင်ခက်ကိုပြောသည်။
“ဘာသာရေးကိုအခြေပြုပြီး ဖိနှိပ်နေတာမျိုး လုပ်နေပါလားဆိုတဲ့ စိတ်ခံစားချက်တွေလည်းရသွားနိုင်တယ်။ဒါတွေက မတူကွဲပြားတဲ့ဘာသာဝင်တွေကြားထဲမှာလည်း သဟဇာတမဖြစ်ဘဲနဲ့ပိုပြီးတော့ အမုန်းတရားတွေသာ ကြီးထွားစေနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
အဆောက်အဦးများ မီးရှို့ဖျက်စီးခံရမှုတွင် စစ်ကိုင်း တိုင်းက အများဆုံး ဖြစ်သည်ဟု ISP Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကိုင်း၊မကွေး၊ မန္တလေးနှင့် တိုင်းရင်းသား ဒေသများတွင် စစ်ကြောင်းထိုးမီးရှို့မှုများ ဆောင်ရွက်နေပြီး ပြည်သူပိုင်ပစ္စည်များကိုလည်း အကြောင်းမဲ့ သိမ်းဆည်းမှုများရှိသည်ဟု ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြိုနယ် မွေတုန်ဆရာတော် ဦးပညောက “ဦးဇင်းတို့ကျောင်းမှာဆိုလည်း ဗီဒိုတွေရိုက်ခွဲသွားတယ်။ ရွှေစင်းတုကိုလည်းယူသွားတယ်။ ငွေတွေယူသွားတယ်“ဟု မိန့်ကြားသည်။
ဘာသာရေး အဆောက်အဦးများ ဖျက်စီးခံရခြင်းသည် ဘာသာဝင်များ၏ နှလုံးသားတွင် မေ့ဖျောက်ရခက်သောခံစားမှုများ ရရှိစေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်သည့် အစ္စလာမ်ဘာသာဝင် ဦးထွန်ကြည်က သံလွင်ခက်ကိုပြောသည်။
“ဘာသာရေးအဆောက်အအုံတွေဆိုတာက ဘာသာဝင်တွေရဲ့အသဲနှလုံးဖြစ်ပြီး ဒါတွေကိုပစ်မှတ်ထားဆောင်ရွက်တာဟာ ဘာသာဝင်အသီးသီးရဲ့ နှလုံးသားကို မီးရှို့သလိုပါဘဲ ။ ဒီကိစ္စတွေက ဘယ်လိုမှ မေ့လို့မရဘူး၊ ခွင့်လွှတ်လို့လည်းမရဘူး“ဟု ၎င်းက ပြောသည်။
ဘာသာရေးအဆောက်အဦးများကို မီးရှို့ဖျက်စီးမှုများကို ဝေဖန်မှုများ ရှိနေပြီး နေပြည်တော်တွင် ကြီးမားသည့်ဗုဒ္ဓရပ်ပွားတော်ကို စစ်ခေါင်းဆောင် ဦးဆောင်မှုဖြင့် တ ည်ထားနေသည်။
“သူတို့အနေနဲ့ ဗုဒ္ဓဘာသာကို ဗန်းပြပြီးတော့ ဘုရားတွေတည်နေလည်း အပြစ်ကနေမလွတ်ပါဘူး” ဟု မွေတုန်ဆရာတော် ဦးပညော ကမိန့်သည်။
လက်နက်ကိုင် ပဋိပက္ခများအကြား ဘာသာရေးအဆောက်အဦးနှင့် ဘုရားကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ရပ်တန့်ရန် ပြည်တွင်း၊ ပြည်ပက အရပ်ဘက် လူ့အခွင့်အရေးအဖွဲ့အစည်းများက တောင်းဆိုထားသည်။
ပုံစာ-(ကရင်နီပြည် ၊ဒေါညေးခူးကျေးရွာတွင် မီးရှို့ခံရသည့် ကက်သလစ်ဘုရားကျောင်းမြင်ကွင်း)
Photo-KNDF