ပြည်တော်ပြန် CDM
*******
မေသံလွင်
ဇန်နဝါရီ ၃၁၊ ၂၀၂၃။
သူမ အိမ်နှင့် မိုင်ပေါင်းများစွာဝေးသည့် နယ်စပ်မြို့ တစ်နေရာက ဆယ်ပေပတ်လည် အခန်းကျဉ်းတစ်ခုကို အေးတစ်ယောက် မမျှော်လင့်ဘဲ ရောက်ရှိသွားသည်။
နေမမြင်၊ လမမြင် အခန်းကျဉ်းလေးထဲက အေးတစ်ယောက် မှောင်မိုက်မှုနှင့် တိတ်ဆိတ်မှုအကြား အဖော်ပြုခဲ့ရသည်။
ရုံးတက်ဝတ်စုံကို ကျော့ကျော့ဝတ်ပြီး ဆေးနှင့် ဆေးပစ္စည်းများကို မှတ်တမ်းတင်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်း အေး အတွက် ဖမ်းဆီးချုပ်နှောင်ခံရခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလသည် အေး၏ ပြည်ပနိုင်ငံရပ်ခြား အချုပ်ကျနေ့ရက်များ ဖြစ်သည်။
တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် အာဏာပိုင်များက တစ်လတိတိ အေးကို အချုပ်ချခဲ့ခြင်း ဖြစ်သည်။
“ နေရတဲ့အခန်းက ၁၀ ပေ ပတ်လည်လောက်တော့ ရှိမယ်။ အခန်းထဲမှာ နှစ်ပေမီးချောင်း တစ်ချောင်းပဲ ရှိတယ်။ နေ့မသိ ညမသိ ဖြစ်သွားတာ။ စိတ်ဓာတ်တွေ ကျပြီး လူက ရူးတော့မလိုတောင် ဖြစ်သွားတယ်။ နောက်မှ ငါ့အဖေအတွက်လာတယ်၊ ငါ့အဖေအတွက် ငါအသက်ရှင်ရမယ်ဆိုပြီး ကိုယ့်စိတ်ကို ပြန်တင်းရတာပေါ့ ” ဟု သူမနေခဲ့ရသည့် အခြေနေကို ပြန်ပြောပြသည်။
ထိုဖြစ်ရပ်များကို အေးတစ်ယောက် မေ့နိုင်မည် မဟုတ်သော်လည်း မိသားစုအရေးမို့ နောင်တမရခဲ့ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) တွင် ပါဝင်ခဲ့သည် အေးဘဝရပ်တည်းရေးသည် အချိန်ကြာလာသည်နှင့် အမျှ စိန်ခေါ်မှု မြင့်တက်လာခဲ့သည်။
ဘဝရပ်တည်ရေးထက် ကျန်းမာရေး မကောင်းသည့် ဖခင်မျက်နှာပေါ်က အဆင်မပြေမှုများက အေးကို နေရပ်စွန့်ခွာ အလုပ်တစ်ခု ရှာဖွေရန် တွန်းအားဖြစ်စေသည်။
အေး၏ ဖခင်သည် ကင်ဆာရောဂါဖြင့် ဆေးကုသမှု ခံယူနေရသူ ဖြစ်သည်။
အကြီးဆုံးသမီးဖြစ်သည့် အေးက ဖခင်၏ဆေးကုသစရိတ်ကို အပြည့်အဝ တာဝန်ယူလိုပြီး သူမအတွက် အလုပ်တစ်ခု ရရှိရေးသည် ဦးစားပေး ဖြစ်လာသည်။
အာဏာသိမ်းပြီးနောက် ပြည်တွင်းက အဖွဲ့အစည်း အသီးသီးနှင့် ပုဂ္ဂလိက လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အချည်းအနှီးသာ ရှိခဲ့သည်။
မြန်မာနိုင်ငံမှာ ခြောက်ကြိမ်ခန့် အလုပ်လျှောက်ပြီးသည့်နောက် တရားမဝင်သည့်နည်းဖြင့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းများသည် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ကြသည်။
ကျန်းမာရေးဝန်ထမ်းများသည် စစ်အာဏာရှင်တော်လှန်သည့် နွေဦးတော်လှန်ရေးတွင် အစောဆုံး ပါဝင်ခဲ့ကြသူများအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယနေ့ချိန်ထိ ကျန်းမာရေးဝန်ထမ်း ၄၀ ရာခိုင်နှုန်းက CDM ပြုလုပ်နေကြဆဲ ဖြစ်သည်ဟု CDM Medical Network အဖွဲ့အစည်း၏ စာရင်းများအရ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက CDM ဝန်ထမ်းများကို ဖမ်းဆီး ထောင်ချလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများကိုလည်း ယနေ့အချိန်အထိ နေအိမ်များတွင် သွားရောက် ဖမ်းဆီးနေဆဲ ဖြစ်သည်။
အင်တိုက်အားတိုက် ဆန့်ကျင့်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီက ယနေ့အချိန်ထိ ပစ်မှတ်ထား တားဆီးနေသည်ဟု ဒေါက်တာဖြိုးသီဟက သံလွင်ခက်ကို ပြောသည်။
“ ဒီပညာနဲ့ အသက်မွေးဖို့ ကြိုးစားကြတဲ့ချိန်မှာ အထူးကု ဆေးရုံတွေက အလုပ်မခန့်ကြဘူး။ စစ်တပ်က ဖိအားပေးတယ်။ ဝင်စစ်ဆေးတယ်။ တွေ့လို့ရှိရင် ဆေးရုံကို ချိတ်ပိတ်တယ်။ နောက်ဆုံး ပရဟိတဆေးရုံ၊ ဆေးခန်းတွေမှာက အစ CDM ဝန်ထမ်းတွေကို လုပ်ခွင့်မရအောင် စစ်တပ်က ပိတ်ပင်နေတယ် ” ဟု ဒေါက်တာဖြိုးသီဟက ပြောသည်။
စာရေးဆရာ ဒေါက်တာ ဖြိုးသီဟသည် အာဏာသိမ်းပြီးနောက် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး နှင့် အခက်အခဲများကို လက်တွေ့ရင်ဆိုင်နိုင်ရန် အသိပညာပေးမှုများကို ဆောင်ရွက်နေသူ ဖြစ်သည်။
အာဏာသိမ်း ၂ နှစ်ခန့်အကြာတွင် အေးကဲ့သို့ ငွေကြေးအခက်အခဲကြောင့် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် ဝင်ရောက်ကာ အလုပ်ရှာဖွေသူ အများအပြား ရှိလာသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့က CDM သူနာပြုဆရာမတစ်ဦး ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်စဉ် ထိုင်းရဲများက လိုက်လံ ဖမ်းဆီးခဲ့သည့်အတွက် မြစ်ထဲခုန်ချရာ အသက်သေဆုံးခဲ့ရသည်ဟု ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြသည်။
ထိုဖြစ်စဉ်သည် CDM ဝန်ထမ်းများနှင့် မြန်မာပြည်သူများအကြား ဝမ်းနည်းပူဆွေးခဲ့ရုံသာ တတ်နိုင်ပြီး
အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် မည်သည့်အဖွဲ့အစည်းကမှ လုံလောက်သည့် ကတိကဝတ်ပြုမှုများ မစွမ်းနိုင်ခဲ့ပေ။
အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံရှိ ပြည်သူ ၂၉၀၀ ကျော်သေဆုံးခဲ့ပြီး ယနေ့ချိန်ထိ ၁၃၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကဖော်ပြသည်။
ထိုသူများတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ၈၃ ဦးပါဝင်ကာ ၇၈၃ ဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်။
၃၅၅ ဦးခန့် သော ကျန်းမာရေးဝန်ထမ်းများမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်ဟု CDM Medical Network အဖွဲ့အစည်း၏ ကောက်ယူထားသော စာရင်းများအရ သိရသည်။
ဌာနဆိုင်ရာ အသီးသီးမှ CDM ဝန်ထမ်းများကြောင့် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနများသည် ယနေ့ချိန်အထိ စံချိန်မီ လည်ပတ်နိုင်ခြင်း မရှိသေးဟု CDM Medical Network တာ၀န်ခံ ဒေါက်တာစစ်မင်းနိုင်က ပြောသည်။
“ ဒီတော်လှန်ရေးကြီးက CDM တွေနဲ့ပဲ ဆက်လည်ပတ်နေရတာဆိုလည်း မမှားဘူး။ ဒီနောက်ပိုင်းမှာတော့ ဆေးရုံတွေ၊ ဆေးခန်းတွေက ပြန်လှည် လည်ပတ်နေသေးတယ် ဆိုပေမယ့် ပြည်သူ့အစိုးရလက်ထက်တုန်းကလိုမျိုး စံချိန်မီ ကျန်းမာရေးစောင့်ရှောက်ခြင်းမျိုး ပေးနိုင်ခြင်း မရှိသေးပါဘူး ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးတွင် CDM ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိသော်လည်း CDM ဝန်ထမ်းများကို ကူညီစောင့်ရှောက်ပေးမှုမှာ နည်းပါးလှသည်။
အေးသည်လည်း CDM လှုပ်ရှားမှု ပြုလုပ်စဉ် ၂ နှစ်အတွင်း သူငယ်ချင်းများ၏ ကူညီထောက်ပံ့မှု မြန်မာကျပ်ငွေ နှစ်သိန်းရရှိခဲ့ပြီး အဖွဲ့အစည်းတစ်ခုက ငါးသောင်း နှစ်ကြိမ် ထောက်ပံ့ခဲ့သည်။
ယခုအချိန်တွင် အေး ကဲ့သို့ပင် CDM ဝန်ထမ်းအများအပြားသည် အကူညီ လိုအပ်လျက် ရှိသည်။
အေးသည် အာဏာမသိမ်းမီ ကျန်းမာရေးဝန်ထမ်း တာဝန်ကို လေးနှစ်ခန့် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
နိုင်ငံတည်ငြိမ်မှုရှိလျှင် ကျန်းမာရေးဝန်ထမ်းအဖြစ် ဆက်လက်ထမ်းဆောင်ရန်ကိုပင် မျှော်လင့်နေသူ ဖြစ်သည်။
“ အမက နဂိုကတည်းက ဆေးတွေကို ချစ်တဲ့သူလေ။ ဆေးရုံဝန်ထမ်းဆိုတာက အမရဲ့ ဝါသနာလည်း ဟုတ်တယ်။ စိတ်လည်း ဝင်စားတဲ့အလုပ်။ အဲ့တော့ ဒီအလုပ်ကိုပဲ ပြန်လုပ်ချင်တယ် ” ဟု အေး က ပြောသည်။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနေ့ရက်များမှာ နိုင်ငံရပ်ခြားက အချုပ်ထောင်ထဲတွင် နေခဲ့ရသည့် အေးကို သက်ဆိုင်ရာအာဏာပိုင်များက ပြည်တော်ပြန်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
အသက် ၃၀ အရွယ်သာရှိသေးသည့် ပြည်တော်ပြန် အေးသည် ဖခင်အနားတွင် အတွေးများစွာဖြင့် အားယူနေသည်။
သို့သော်လည်း သူ့ဆုံးဖြတ်ချက်ကို တိတိကျကျ မပြောနိုင်သေးပေ။
။——။
( အေးသည် ကချင်ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး လုံခြုံရေးအခြေအနေရ အမည်ကို ပြောင်းလဲ အသုံးပြုထားခြင်းဖြစ်ပါသည်။ )