မြဝတီ-မဲဆောက်တံတားမှ ပြန်ဝင်လာသူများကို ဖမ်းဆီးငွေညှစ်နေ၍ အလုပ်သမားများ ပြန်ဝင်ရန် စိုးရိမ်နေ
************************
ဇန်နဝါရီ ၃၀၊ ၂၀၂၃ ။
ထိုင်း-မြန်မာချစ်ကြည်ရေး မြဝတီ – မဲဆောက် အမှတ် (၁) တံတားကိုဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ပြန်ဝင်လာသူများကို စစ်ကောင်စီက ဖမ်းဆီး ငွေညှစ်မှုများ ပြုလုပ်နေ၍ ပြန်ဝင်ရန် စိုးရိမ်နေကြသည်ဟု အလုပ်သမားများထံမှ သိရသည်။
ထိုင်းနိုင်ငံမှ တရားဝင်လမ်းဖြင့် မြန်မာနိုင်ငံသို့ ပြန်ဝင်လာကြသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများကို PDF ထောက်ပံ့အားပေးသူများဟု စစ်ကောင်စီက စွပ်စွဲကာ ဖမ်းဆီးပြီး ငွေတောင်းခံမှုများ ရှိနေသည်ဟု သိရသည်။
ယခုလ ၁၂ ရက်တွင် ထိုင်း-မြန်မာချစ်ကြည်ရေး မြဝတီ – မဲဆောက် အမှတ် (၁) တံတားဖွင့်ပြီးနောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို မဖြစ်မနေ ပြန်ကြရသည့် ရွှေ့ပြောင်းအလုပ်သမားတချို့ကို စစ်ကောင်စီက ဖမ်းဆီးမှုများရှိနေသည်ဟု အလုပ်သမားအရေးကူညီသူ ကိုသားကြီးက သံလွင်ခက်ကို ပြောသည်။
“ လောလောဆယ် မိသားစုထံကနေ သိရသလောက်တော့ ၄၀လောက် အဖမ်းခံထားရပြီဗျ။ ထိုင်းနိုင်ငံကနေ မြန်မာပြည်ထဲကို ပြန်သွားပြီး တံတားမှာတော့ ဖမ်းဆီးတာမျိုးမရှိဘဲ အိမ်ကိုရောက်ပြီး မိနစ်ပိုင်းအတွင်းဖမ်းဆီးခံရတာ၊ တချို့ဆို အိမ်ရောက်ပြီး တစ်ရက်နှစ်ရက်အတွင်း ဖမ်းဆီးခံရတာတွေရှိတယ် ” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံမှ ပြန်လာကြသော ရွေ့ပြောင်းအလုပ်သမားများကို စစ်ကောင်စီက ဖမ်းဆီးပြီး ကျပ်သိန်းသုံးဆယ်မှ သိန်းလေးဆယ်အထိ တောင်းနေပြီး အလုပ်သမားရေးနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများကိုပါ ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး အလုပ်သမားများက တိုင်းကြားထားသည်ဟု ကိုသားကြီးက ပြောသည်။
ထို့ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသို့ မဲဆောက်- မြဝတီတံတားမှ ပြန်ရန် စီစဉ်ထားပြီးမှ အခြားနည်းလမ်းဖြင့် ပြန်ရန်စီစဉ်နေရသည်ဟု ရွေ့ပြောင်း အလုပ်သမားတစ်ဦးက ပြောသည်။
” အဓိကကတော့ အဖမ်းခံရမှာကြောက်တာပဲ။ တံတားကနေပြန်တဲ့သူတွေထဲမှာ ဖမ်းခံရတာရော သတ်ခံရတာရော ကြားထားတော့လေ။ တချို့ဆို လေယာဉ်နဲ့ပြန်ဖို့ပါ လုပ်နေကြတယ် ” ဟု ၎င်းက ပြောသည်။
အသက် ၃၀ ကျော်အရွယ်ရှိအဆိုပါ အလုပ်သမားသည် ထိုင်နိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည်မှာ ၄ နှစ်ရှိနေပြီး အလုပ်အဆင်မပြေဖြစ်လာ၍ မြန်မာနိုင်ငံသို့ အပြီးပြန်ရန် စီစဥ်နေသူ ဖြစ်သည်။
သို့သော်လည်း ဖမ်းဆီးပြီး ငွေညှစ်နေသည့် သတင်းများကြောင့် နယ်စပ်ဖြတ်ကျော်တံတားမှ မပြန်ဘဲ လေယာဥ်ဖြင့်ပြန်ရန် စီစဥ်နေသည်ဟု ထိုရွေ့ပြောင်းအလုပ်သမားက ပြောသည်။ ၎င်းအနေဖြင့် လေယာဥ်ဖြင့်ပြန်ရန်မှာ ပတ်စ်ပို့သက်တမ်းကျန်နေသေး၍ အဆင်ပြေနေပြီး နယ်စပ်ဖြတ်ကျော်တံတားပေါ်မှ ပြန်သော အလုပ်သမားအများစုမှာ ပတ်စ်ပို့ကုန်ဆုံးနေပြီးဖြစ်သာကြောင့် တံတားပေါ်မှ မဖြစ်မနေ ပြန်ဝင်နေကြရခြင်း ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော် မြဝတီ-မဲဆောက်တံတားမှ ပြန်ဝင်လာသူများကို စစ်ကောင်စီက ဖမ်းဆီးငွေညှစ်မှုများအပြင် သတ်ဖြတ်မှုများအထိပါရှိနေသည်ဟု သတင်းများထွက်နေပြီး အလုပ်သမားအရေး ကူညီနေသူများကအတည်ပြု ပြောဆိုနေကြသော်လည်း သံလွင်ခက်အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
အဖမ်းခံရသည့်ဖြစ်စဥ်များနှင့် တိုင်ကြားလာသည့် ကာယကံရှင်များထံ ဆက်သွယ်နိုင်ရန် ကြိုးစားသော်လည်း အလုပ်သမားအရေးကူညီနေသူများက လုံခြုံရေးကိစ္စများကြောင့် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
စစ်ကောင်စီသည် ပတ်စ်ပို့ပြုလုပ်ပေးခြင်းလုပ်ငန်းစဉ်များကို ယခုဇန်နဝါရီလဆန်းပိုင်းက စတင်ရပ်ဆိုင်းထားခဲ့သောကြောင့် သက်တမ်းကုန် MOU လုပ်သားများမှာ သက်တမ်းတိုးရန် ခက်ခဲနေသည့်အပြင် ထိုင်းလုပ်ငန်းရှင်အများစုကလည်း ပြန်လွှတ်နေကြသည်။
ထိုကြောင့် သက်တမ်းကုန် အလုပ်သမားများမှာ မြဝတီ-မဲဆောက်တံတားကို ဖြတ်ကျော်၍ ပြန်ဝင်လာကြရမည့်အခြေအနေရှိနေရာ လက်ကိုင်ဖုန်းအတွင်းမှ မလိုလားအပ်သည့်ပုံများကို ရှင်းလင်းခြင်း၊ အထောက်အထား အပြည်အစုံပြုလုပ်သွားခြင်းနှင့် သက်ဆိုင်ရာဌာနများကို ကြိုတင်အကြောင်းကြားခြင်းများ ပြုလုပ်ကြရန် အလုပ်သမားအရေး ကူညီနေသူများက အကြံပြုပြောဆိုသည်။