အင်အား ၂၀၀ ကျော် စစ်ကြောင်းသုံးကြောင်းခွဲ၍ ကသာ၊ မိုးတားတိုက်နယ်ကျေးရွာနေအိမ်များကို မီးရှို့
*********************************
Saw Smith
ဇန်နဝါရီ ၃၁၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်၊ မိုးတားတိုက်နယ်ရှိ ကျေးရွာနေအိမ်းများကို စစ်ကောင်စီတပ်က မီးရှို့မှုများဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ယခုဇန်နဝါရီလ တတိယအပတ်တွင် စစ်ကောင်စီတပ်က လေကြာင်းမှ သုံးရက်ဆက်တိုက် လာတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်ခဲ့သည့် မိုးတားတိုက်နယ်အတွင်း၌ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ခြင်းကို ပြုလုပ်နေသည်။
” အခုမနက်လည်း မိုးတားတိုက်နယ် တုပ်ကြီးရွာထဲကထွက်ပြီးတော့မှ လက်နက်ကြီးတွေနဲ့ ပစ်နေတာ ၅ လုံး၊၆လုံးလောက်ရှိနေပြီး ။ မနေ့ကလည်း မိုးတာလေးမှာ ညနေပိုင်းကိုတဖြတ်ရှို့တယ်။ ည ၈နာရီခွဲ ၉နာရီလောက်ကို တစ်ဖြတ်ရှို့တယ် ” ဟု မိုးတားတိုက်နယ်ဒေသခံတစ်ဦးက ယနေ့နံနက် ၈နာရီကျော်အချိန်တွင် သံလွင်ခက်ကို ပြောသည်။
စစ်ကောင်စီတပ်၏ အင်အား ၂၀၀ ဦးကျော်ရှိသော တပ်မ ၃၃ ၊ ခလရ ၇၇၊ ၇၈ ၊ ၁၀၊ ခမရ ၁၄၅ ၊ ၁၄၆ စသည့်တပ်ဖွဲ့ဝင်များက စစ်ကြောင်းသုံးကြောင်းခွဲ၍ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု မိုးတားတိုက်နယ် ပ.က.ဖ ဒုတိယတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
မနေ့ ညနေပိုင်းမီးရှို့ဖျက်ဆီးမှုတွင် မိုးတားလေး စေတီရပ်မှ နေအိမ် ၆လုံး မီးလောင်ပျက်ဆီးခဲ့ပြီး ညပိုင်းရှို့သည့် နေအိမ်အရေအတွက်ကိုမူ ဖုန်းလိုင်းများမရ၍ မသိရှိရသေးဟု ၎င်းကပြောသည်။
မိုးတားလေးစံပြကျေးရွာစေတီရပ်တွင် ဇန်နဝါရီလ ၁၈ ရက်၌ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၆ဦးနှင့်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ အဆိုပါ မိုးတာလေး စေတီရပ်ကို စစ်ကောင်စီက စစ်ကြောင်းထိုး၍ မီးထပ်ရှို့ခြင်းဖြစ်သည်။
မိုးတားလေးကျေးရွာနှင့် နှစ်မိုင်ခန့်ကွာဝေးသည့် ဆိတ်သာရွာ ဘုရားဘုန်းတစ်ဝိုက်တွင် ဇန်နဝါရီလ ၁၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေတိုက်ယာဥ်များဖြင့် ၂၀ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားရာ နေရာအပါအဝင် မိုးတာလေးကျေးရွာအုပ်စုကို ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမီးရှို့မှုများ ဆက်တိုက်ပြုလုပ်နေခဲ့ရာ ဇန်နဝါရီလ ၂၂ ရက်တွင် မိုးတားလေး တိုက်ကုန်းရွာမှ နေအိမ် ၅၁ လုံး မီးလောင်ပြာကျခဲ့ရသည်။
ဇန်နဝါရီလ ၂၆ ရက်တွင်လည်း ကသာမြို့ပေါ်မှနေ၍ ၁၂၀ မမ လက်နက်ကြီးဖြင့် ကျေးရွာများဘက် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့သောကြောင့် ကျောက်ထုံးကြီးကျေးရွာ၌ ၁၂ အရွယ်မိန်းကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်။
ဇန်နဝါရီလ ၂၈ ရက်တွင်လည်း စစ်ကောင်စီတပ်က နန့်စမ်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀ ကျော်မီးလောင်ပြာကျခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၂၂ ရက်တွင် မီးရှို့ဖျက်ဆီးခံလိုက်ရသော တိုက်ကုန်းကျေးရွာမှ မီးဘေးသင့်ပြည်သူ ၄၀၀ ကျော်မှာ လက်ရှိအချိန်ထိ ကသာမြို့အနီးရှိ ဘုန်းကြီးကျောင်းတွင် ခိုလုံနေကြရပြီး အစားအသောက်၊ စောင်နှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေသည်ဟု ကသာမြို့ပေါ်မှ ကူညီပေးနေသူတစ်ဦးက ပြောသည်။
ပုံစာ – ကသာ၊ မိုးတားတိုက်နယ်ရှိ ကျေးရွာနေအိမ်များ မီးရှို့ခံရမှုနှင့် မီးဘေးသင့်ပြည်သူများ။