ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ
***********************************
သံလွင်ခက်။
ဇန်နဝါရီလ ၃၀၊ ၂၀၂၃။
ဧရာဝတီတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီထိန်းချုပ် တရားရုံးက ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ဆောင်ရန် လှုံ့ဆော်သည်ဟု စွပ်စွဲကာ ပုဒ်မ ၅၀၅ ( ခ ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ဒေါက်တာလှမြတ်သွေးကို အာဏာစသိမ်းသည့် နေ့မှစတင်ကာ ဧရာဝတီတိုင်းဝန်ကြီးအိမ်ရာဝန်းထဲတွင် ၂ နှစ်နီးပါး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။
ထို့နောက် ၂၀၂၂ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ပုသိမ်ထောင်သို့ ပြောင်းရွေ့ခဲ့ပြီး တရားစွဲဆို အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှမိုးအောင် အပါအဝင် တိုင်းအစိုးရအဖွဲ့များ အားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့သော်လည်း ဒေါက်တာလှမြတ်သွေးကို ဆက်လက် ထိန်းသိမ်းခဲ့သည်။
အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသူ စုစုပေါင်း ၁၂,၆၇၀ ဦး ရှိရာ ၃၇၅၈ ဦး ပြန်လည် လွတ်မြောက်လာပြီဖြစ်သည် ဟု ဆိုသည်။
ဆက်လက်ထိန်းသိမ်းထားသူ ၉၈၁၂ ဦးတွင် လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁၂၃၂ ဦးပါဝင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၃ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
Photo – TAY