စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အရှေ့ဘက်ခြမ်းရှိ မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များကို ကူညီရန်သွားရာလမ်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ပက်ပင်းတိုးကာ ပစ်ခတ်ခံခဲ့ရသည်ဟု Shadow လက်နက်ကြီးနှင့်ထုတ်လုပ်ရေးအဖွဲ့ထံမှ သိရသည်။
Shadow ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ မြရိပ်ရွာအနီးအရောက်တွင် စစ်ကောင်စီတပ်နှင့်ထိပ်တိုက်တိုးပြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆုတ်ခွာခဲ့ရသည်ဟု Shadow အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်အစောက သံလွင်ခက်ကိုပြောသည်။
“နံနက်၁၀နာရီဝန်းကျင်လောက်မှာ စစ်ကြောင်းနဲ့တိုးတယ်။ သူတို့ဆက်တိုက်ပစ်တာ။ လူအထိအခိုက်တော့မရှိပေမယ့် လက်နက်ခဲယမ်းတွေတော့ဆုံးရှုံးခဲ့တယ်“ဟု ၎င်းကဆိုသည်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် တိုက်ပွဲသုံးကားတစ်စီး၊ ၈၀မမလက်လုပ်စိန်ပြောင်း ၄လက်နှင့် ၈၀မမ စိန်ပြောင်းကျည် ၂၅လုံး ဆုံးရှုံးခဲ့ရပြီး ခန့်မှန်းတန်ဖိုး သိန်း၂၅၀ ခန့် ဆုံးရှုံးခဲ့သည်ဟု သိရသည်။
“ကံကောင်းထောက်မလို့မသေတာ ကားထဲကစိန်ပြောင်း တွေ ကျည်တွေ မသယ်နိုင်ခဲ့ဘူး“ဟု ရဲဘော်အစောကပြောသည်။
ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီး ပြည်သူများ၏ နေအိမ်များကို ယခုလအတွင်း၌ မီးရှို့ဖျက်ဆီးလျက်ရှိနေသည်။
ထို့ကြောင့် အဆိုပါစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်နေကြရာ Shadow အဖွဲ့ကလက်နက်ကြီးပစ်ကူသွားရောက်ပေးရန် သွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ ဖြတ်တိုက်ခြင်းခံလိုက်ရသည့် Shadow တပ်ဖွဲ့သည် တိုက်ပွဲများဆက်လက်ဖော်ဆောင်နိုင်ရန်လက်နက်ကြီးထုတ်လုပ်ရေးစရိတ်အပြင် တိုက်ပွဲအတွင်း သွားလာအသုံးပြုလုပ်နိုင်ရန်အတွက်လည်း အကူအညီများလိုအပ်နေသည်ဟု သိရသည်။
ပုံစာ-Shadowတပ်ဖွဲ့၏လက်လုပ်စိန်ပြောင်းကျည်များ။