ဘုရားဖူးကား လက်နက်ကြီးထိလို့ အမျိုးသမီးလေးဦး ဒဏ်ရာရ
*******************
ဇန်နဝါရီ ၂၆၊ ၂၀၂၃။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင် စစ်ဆေးရေးဂိတ်အနီးတွင် ဖြစ်ပွားခဲ့သည့် ဘုရားဖူး လက်နက်ကြီးထိမှန်မှုတွင် တစ်ဦးသေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် မုပ္ပလင် စစ်ဆေးရေးဂိတ်အနီး ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် အမျိုးသမီးလေးဦး အပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။
၎င်းက “ ကျွန်တော်တို့က ကားဘီးပေါက်တယ်ထင်နေတာ။ ကားပေါ် လက်နက်ကြီးပြုတ်ကျတာ မသိလိုက်ကြဘူး။နောက်တော့မှ အနီးနားကလူတွေက ကားပေါ်က သူတွေကို အကုန်လုံး ဆွဲချပြီး ကယ်ဆယ်ရေးအဖွဲ့တွေကိုဖုန်းဆက်အကြောင်းကြားတာ ” ဟု သံလွင်ခက်ကို ပြောသည်။
အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကားပေါ်ပါရှိသည့် ဘုရားဖူး ခရီးသည် အမျိုးသားတစ်ဦး ဦးခေါင်းထိဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အမျိုးသမီးလေးဦးနှင့် အမျိုးသားသုံးဦး ကျိုက်ထိုဆေးရုံတွင် ဆေးကူသမှု ခံယူနေသည်ဟု ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ၄၀ မမ လက်နက်ကြီးက ကားနောက်ပိုင်းဘက်ကိုကျတာပါ။ အမျိုးသားတစ်ဦး ဦးခေါင်းထိပြီး သေဆုံးသွားတယ်။ကျန်တဲ့သူတွေကတော့ ယမ်းစတွေစင်ပြီး ထိခိုက်ဒဏ်ရာရရှိသွားတယ်။တချို့ကတော့ စိုးရိမ်ရတယ် ” ဟု ၎င်းက ပြောသည်။
အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ဖြစ်သည့်နေရာသည် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်နှင့် ကိုက် တစ်ရာသာ ကွာဝေးသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သတ်၍ မည်သည့် အဖွဲ့အစည်းကမှ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ပုံစာ – လက်နက်ကြီးထိမှန်ခဲ့သည့် ဘုရားဖူးကား မြင်ကွင်း။
Photo – Crd