![]()
သံလွင်ခက်/မတ် ၅။ ဓါတ်ပုံ – Izecksohn’s Brazilian Tree Frog ( Xenohyla truncata )
ကမ္ဘာမှာ ဝတ်မှုန်ကူးပေးနိုင်တဲ့ သတ္တဝါဆိုရင် ကျွန်မတို့က ပျားတွေ၊ ပိတုန်းတွေ၊ လိပ်ပြာနဲ့ ငှက်အချို့ကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ အခု ဘရာဇီးက ရီယိုဒီဂျနေရိုးကမ်းခြေ တလျှောက် ကျက်စားတဲ့ “အိုက်ဆက်ဆွန်” (Izecksohn) သစ်ပင်နေဖားလေးတွေကတော့ ဒီအမြင်ကို စတင် စိန်ခေါ်နေပါပြီ။
သူတို့လေးတွေက သတ္တဗေဒလောကမှာ အံ့ဩစရာအကောင်းဆုံး ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီဖားလေးတွေရဲ့ သိပ္ပံအမည်က Xenohyla truncata ပါ။ မြန်မာလို အသံထွက်မယ်ဆိုရင်တော့ ဇီနိုဟိုင်လာ ထရန်ကာတာ လို့ခေါ်ပါတယ်။
ဒီဖားလေးတွေက ထူးခြားပြီး အမြင်အရ ချစ်ဖို့လည်းကောင်းနေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဖားအများစုက ပိုးမွှားတွေကိုပဲ ဖမ်းယူစားသောက်ကြပေမဲ့ ဒီကောင်လေးတွေကတော့ “အသီးအနှံနဲ့ ပန်းဝတ်ရည်” ကိုပဲ အဓိကစားသုံးကြတာပါ။
သူတို့က နေ့ဘက်မှာ သစ်ကပ်ပင်တွေကြား ခိုအောင်းနေတတ်ပြီး ညဘက်ရောက်ရင်တော့ သစ်ပင်တွေပေါ်တက်၊ အသီးတွေကို အလုံးလိုက် မျိုချစားသောက်လေ့ရှိပါတယ်။ အဲ့ဒီလို စားသောက်ပြီးလို့ ပြန်လည်စွန့်ထုတ်လိုက်တဲ့ အစေ့တွေကနေ အပင်သစ်တွေ ပြန်ပေါက်နိုင်တာမို့ သူတို့ဟာ တောအုပ်ကြီးရဲ့ “မျိုးစေ့ကိုယ်စားလှယ်” တွေလည်း ဖြစ်နေကြပါတယ်။
သိပ္ပံပညာရှင်တွေ အဓိက အာရုံစိုက်စေတဲ့ အချက်ကတော့ ဒီဖားလေးတွေ ပန်းဝတ်ရည်စုပ်ယူတဲ့အခါ သူတို့ရဲ့ ကျောကုန်းမှာ ဝတ်မှုန်တွေ ကပ်ပါသွားတာကို တွေ့ရှိခဲ့တာကြောင့်ပါ။
အကယ်၍ ဒီဝတ်မှုန်တွေဟာ နောက်ထပ်ပန်းတစ်ပွင့်ဆီကို ရောက်သွားပြီး မျိုးအောင်စေခဲ့မယ်ဆိုရင် သူတို့ဟာ “ကမ္ဘာ့ပထမဆုံး ဝတ်မှုန်ကူးပေးနိုင်သူ ကုန်းနေရေနေသတ္တဝါ” ဆိုတဲ့ ဘွဲ့နဲ့ သမိုင်းမှတ်တမ်းဝင်ကြမှာဖြစ်ပါတယ်။
ဒါပေမဲ့ မူရင်းသိပ္ပံဆောင်းပါးတွေရဲ့ အချက်အလက်တွေထဲမှာတော့ “အလားအလာရှိသည်” လို့သာ သုံးထားပါသေးတယ်။ ဖားရဲ့ အရေပြားကထွက်တဲ့ အချွဲတွေက ဝတ်မှုန်တွေကို ပျက်စီးစေသလား၊ ဒါမှမဟုတ် တကယ်ပဲ မျိုးအောင်စေသလားဆိုတာကိုတော့ ပညာရှင်တွေက ဆက်လက်စမ်းသပ်နေဆဲ ဖြစ်ပါတယ်။
ဒီလောက်ထူးခြားတဲ့ သတ္တဝါလေးတွေဟာ အခုဆိုရင် မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့ ကျက်စားရာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး ကမ်းရိုးတန်းတောအုပ် (Restingas) တွေဟာ မြို့ပြချဲ့ထွင်မှုတွေကြောင့် ကျဉ်းမြောင်းလာနေပါတယ်။
လက်တွေ့မှာတော့ အရှိန်အဟုန်နဲ့လည်ပတ်နေတဲ့ ကမ္ဘာကြီးက သူတို့လေးတွေကို အနေရခက်စေပါတယ်။ သူတို့ရဲ့ ကျက်စားရာနယ်မြေဟာ စတုရန်းကီလိုမီတာ ၂၀,၀၀၀ အောက်ကို ရောက်ရှိသွားပြီဖြစ်လို့ ဒီသစ်ပင်နေ ဖားလေးတွေကို “မျိုးသုဉ်းရန် စိုးရိမ်ရလုနီးပါး” (Near Threatened) အဆင့် သတ်မှတ်ထားရပါတယ်။
ကိုးကား- This Brazilian frog might be the first pollinating amphibian known to science by Annie Roth / Scienceshot Journals
#ရီယိုဒီဂျနေးရိုးကမ်းခြေ #သတ္တလောကအမြင် #ဖား #ThanLwinKhetNews
