![]()
သံလွင်ခက်/မတ် ၂၀။ ပုံ – poengworldpoetryday2026 ၏ ပိုစတာများ
“ကဗျာပွဲက မရှားပါဘူး၊ ကဗျာကောင်းတွေနဲ့ ပွဲက ရှားတာပါ” ဟု ဆိုကာ ကမ္ဘာ့ကဗျာနေ့ကို ကဗျာကောင်းများဖြင့် ဖြတ်သန်းရင်း စစ်ဘေးရှောင်ပြည်သူများအတွက် ရံပုံငွေရှာဖွေမည့် အစီအစဉ်တစ်ရပ်ကို Poetry Engineering (POENG) အဖွဲ့က ယခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။
ယခုပွဲတွင် ၂၀၁၀ ပြည့်နှစ်ဝန်းကျင် ဘလော့ဂ် (Blog) ခေတ်ကတည်းက ကဗျာရေးသားခဲ့သူများမှစ၍ ယနေ့ ၂၀၂၆ ခုနှစ်အထိ ကဗျာလောကတွင် လှုပ်ရှားနေသည့် လူလတ်ပိုင်းနှင့် လူငယ်ပိုင်း ကဗျာရေးသူ ၆၀ ကျော် ပါဝင်ကြမည်ဖြစ်သည်။
ပွဲစီစဉ်သူ ကဗျာဆရာတစ်ဦးက “ကျွန်တော်တို့ ဖတ်ရတာ ကြိုက်နှစ်သက်တဲ့၊ အတုယူစံထားရတဲ့ ကဗျာရေးသူတွေကို ဖိတ်ကြားခဲ့တာပါ။ ပါဝင်သူတချို့က မိမိကိုယ်ကိုယ် ‘ကဗျာဆရာ’ တံဆိပ်တပ်ဖို့ ဝန်လေးကြတာကြောင့် ‘ကဗျာရေးသူများ’ လို့ပဲ သုံးနှုန်းထားပါတယ်” ဟု ပါဝင်သူများ၏ ခံယူချက်ကို ရှင်းပြသည်။

ထို့အပြင် အဆိုပါပွဲတွင် ကဗျာသာမက စကားပြေနှင့် ဝတ္ထုတိုများပါ ပါဝင်မည်ဖြစ်သဖြင့် ရသစုံလင်သည့် ပွဲတစ်ခု ဖြစ်လာမည်ဖြစ်သည်။
ယခုအွန်လိုင်းပွဲတော်တွင် ကြည့်ရှုသူများအနေဖြင့် မိမိနှစ်သက်သည့် ကဗျာရေးသူထံမှ ကဗျာတစ်ပုဒ်ကို မြန်မာငွေ ၅,၀၀၀ ကျပ် (သို့မဟုတ်) ထိုင်းငွေ ၅၀ ဘတ်ဖြင့် တောင်းဆိုနားဆင်နိုင်မည်ဖြစ်သည်။
“ကမ္ဘာ့ကဗျာနေ့မှာ ကဗျာကောင်းတွေကို ပိုကျယ်ပြန့်စေချင်သလို၊ ကျွဲကူးရေပါအဖြစ် အလှူငွေရှာလို့ရရင် ပိုမင်္ဂလာရှိမယ်လို့ စဉ်းစားမိတာပါ” ဟု ပွဲစီစဉ်သူကဗျာဆရာက ဆိုသည်။
ရရှိလာသမျှ အလှူငွေများကို မြဝတီမြို့တောင်ဘက်ရှိ “ပလောတပို့” စစ်ရှောင်စခန်းသို့ လှူဒါန်းသွားမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အစီအစဉ်မရှိဘဲ စတင်ခဲ့သည့် ယခုလှုပ်ရှားမှုသည် ယခုနှစ်တွင် ဒုတိယအကြိမ်မြောက်အဖြစ် ပိုမိုကျယ်ပြန့်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
POENG အနေဖြင့် ယမန်နှစ်က ရရှိလာသည့် အလှူငွေများကို ရှမ်းမြောက်ရှိ စစ်ဘေးသင့်ပြည်သူများထံ သျှမ်းကျောင်းသား သမဂ္ဂထံမှတဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
နောင်နှစ်များတွင်လည်း ဆက်လက်ကျင်းပရန် မျှော်လင့်ထားသော်လည်း “ကဗျာရေးသူတွေဆိုတော့ အဝေးကြီး မစဉ်းစားရသေးဘူး” ဟု ပွဲစီစဉ်သူက မှတ်ချက်ပြုထားသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့ကဗျာနေ့ (World Poetry Day) ကို နှစ်စဉ် မတ်လ ၂၁ ရက်နေ့တွင် ကျင်းပလေ့ရှိပြီး ကဗျာဆရာများမှ ဦးဆောင်ကာ ကဗျာရွတ်ပွဲများ၊ ဟောပြောပွဲများ၊ ကဗျာစာအုပ် ဈေးရောင်းပွဲတော်များ နှင့် ကဗျာစာအုပ်မိတ်ဆက်ပွဲများကို ကျင်းပလေ့ရှိကြသည်။

ကမ္ဘာ့ကဗျာနေ့ ယူနက်စကို (UNESCO) ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ကြီးက ကမ္ဘာ့ကဗျာနေ့ကို ၁၉၉၉ ခုနှစ်တွင် စတင်အတည်ပြု သတ်မှတ်ခဲ့ပြီး၊ ၂၀၀၀ ပြည့်နှစ်မှစတင်ကာ ယနေ့တိုင် ကမ္ဘာတဝန်းတွင် နှစ်စဉ်ကျင်းပလာခဲ့ခြင်း ဖြစ်သည်။
စိတ်ဝင်စားပါက အောက်ပါလင့်တွင် ကဗျာဆရာ စာရင်းကြည့်ရှုကာ တောင်းဆိုလှူဒါန်းနိုင်သည်။
#ကမ္ဘာ့ကဗျာနေ့ #စစ်ဘေးရှောင် #အားဖြည့်ကူညီ #အွန်လိုင်းလှုပ်ရှားမှု #ThanLwinKhetNews
