![]()
ခင်သရဖီဦး/မတ် ၂၃။ ဓါတ်ပုံ – သံလွင်ခက်
ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင်များသည် အလုပ်အကိုင်ရှားပါးမှုနှင့် စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် တောင်းရမ်းစားသောက်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
မြေပုံမြို့နယ်အတွင်းသို့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ သံတွဲနှင့် ကျောက်ဖြူမြို့နယ်များမှ ရောက်ရှိလာသည့် စစ်ဘေးရှောင် စုစုပေါင်း ၁,၅၀၀ ခန့် ရှိနေခြင်းဖြစ်သည်။
၎င်းတို့သည် လစဉ်ထောက်ပံ့ကြေး ပုံမှန်မရရှိသည့်အပြင် အလုပ်အကိုင်လည်း ရှားပါးနေသောကြောင့် တောင်းရမ်းစားသောက်မှုများ ပိုမိုများပြားလာခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

စစ်တွေမြို့နယ်မှ မြေပုံသို့ စစ်ဘေးရှောင်လာသည့် အသက် (၄၅) နှစ်အရွယ် ဒေါ်မသောင်းစိန် (အမည်လွဲ) က “မြေပုံက မြို့အရပ်ဖြစ်လို့ အလုပ်တွေ ရနိုင်မလားဆိုပြီး လာကြတာပါ။ အခု မြေပုံရောက်တော့လည်း အလုပ်အကိုင်က မရှိဘူး။ အဝတ်လျှော်တာတို့၊ မီးပူတိုက်တာတို့လို အလုပ်မျိုးတွေ လိုက်ရှာသေးတယ်။ ဒါပေမဲ့ လူတွေမှာက ကိုယ့်ဖောက်သည်နဲ့ကိုယ် ရှိပြီးသားပါ။ အခုက အလှူခံစားနေရတယ်။ တစ်ရက်မှာ ငါးထောင်၊ ရှစ်ထောင်လောက် ရတာလည်း ရှိတယ်။ အဲဒါနဲ့ စားဝတ်နေရေး မဖူလုံပါဘူး” ဟု ပြောသည်။

ထို့ပြင် လက်ရှိတွင် တောင်းရမ်းစားသောက်သူ များပြားလာသည့်အတွက် အလှူခံရာတွင်လည်း ပိုမိုခက်ခဲလာနေကြောင်း ၎င်းက ဆက်ပြောသည်။
နေရပ်သို့ ပြန်လိုသော်လည်း နေအိမ်များ ဖျက်ဆီးခံထားရခြင်းနှင့် အလုပ်အကိုင် မရှိခြင်းတို့ကြောင့် ရှေ့ဆက်ရန် ခက်ခဲနေကြောင်း ပေါက်တောမြို့၊ ရပ်ကွက် (၁) မှ မြေပုံသို့ တိမ်းရှောင်လာသည့် အသက် (၂၅) နှစ်အရွယ် မအေးသန်းယဉ်က ဆိုသည်။

“ပေါက်တောကို ပြန်သွားတော့လည်း နေရေးထိုင်ရေး၊ စားရေးသောက်ရေးက အဆင်မပြေဘူး။ အိမ်ကိုလည်း လူတွေက ဖြိုဖျက်ယူသွားကြတယ်။ နောက်ပြီး အလုပ်အကိုင်လည်း မရှိဘူး။ တစ်နပ်ပဲ စားရတယ်၊ နှစ်နပ် မစားရဘူး။ ကုန်ဈေးနှုန်းကလည်း ကြီးတာနဲ့ ပိုဆိုးတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စုစုပေါင်း ၆၂၀,၀၀၀ ကျော် ရှိနေပြီး စစ်တွေနှင့် ကျောက်ဖြူဘက်မှ စစ်ဘေးရှောင်များလည်း ထပ်မံတိုးပွားလျက်ရှိကြောင်း သိရသည်။

#မြေပုံစစ်ရှောင် #အလုပ်အကိုင်ရှားပါးမှု #တောင်းရမ်းစားသောက်ရမှု #ThanLwinKhetNews
