![]()
သံလွင်ခက်/မတ်၂၅။ ပုံ – အညာမြေတပ်ပေါင်းစု ရဲဘော်များ ( လူမှုကွန်ရက်/ပုံဟောင်း )
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင် ပျူစောထီးကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကော်မရှင်တပ်များထံသို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ သွားရောက်ပူးပေါင်းသွားကြောင်း သိရသည်။
အဆိုပါ ဘက်ပြောင်းသွားသူမှာ အသက် ၂၁ နှစ်အရွယ် ရဲဘော် ဖြူဖွေး (ခ) ကောင်းခန့် ဖြစ်ပြီး ၎င်းသည် BURMA Federal Column (BFC) Black God နှင့် ပူးတွဲလှုပ်ရှားသည့် Local PDF တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း BFC တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
“ရှေ့တန်းကနေ ဖြစ်သွားတာပဲဗျ။ အကြောင်းအရင်းကတော့ သေသေချာချာ မယ်မယ်ရရ မသိရသေးဘူး။ ဖြစ်စဉ်အမှန်ကို သိရဖို့ ဆက်လက်စုံစမ်းနေတုန်းပဲ” ဟု ၎င်းက ဆိုသည်။
ရဲဘော် ဖြူဖွေးသည် မတ်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် ရှေ့တန်းတာဝန် ထမ်းဆောင်နေစဉ် MA(1) သေနတ်တစ်လက်နှင့် ကျည် ၃ ဘောက်ကို ယူဆောင်ကာ ညောင်ဂျစ်ပင်ရွာရှိ စစ်တပ်စခန်းသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။
၎င်း၏ ဘက်ပြောင်းသွားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စစ်ကော်မရှင်၏ တုံ့ပြန်စစ်ဆင်မှုများကို အထူးသတိပြု ဆောင်ရွက်နေကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။
အညာမြေတပ်ပေါင်းစုက ယနေ့ ထုတ်ပြန်ရာတွင် အဆိုပါ ရဲဘော် ဖြူဖွေးသည် ၎င်းတို့ တပ်ပေါင်းစုဝင် ၇ ဖွဲ့မှ မည်သည့်အဖွဲ့တွင်မျှ တာဝန်ထမ်းဆောင်ခဲ့သူ မဟုတ်ကြောင်းနှင့် တပ်ပေါင်းစု Team တစ်ခုလုံးနှင့်လည်း သက်ဆိုင်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။
သို့သော် BFC Black God အဖွဲ့နှင့် စစ်ရေးမဟာမိတ်အရ လက်တွဲဆောင်ရွက်ဖူးသည့် အခြေအနေသာ ရှိကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ရှင်းပြသည်။
၎င်းက ဆက်လက်၍ “တော်လှန်ရေးအဖွဲ့တွေကြားမှာ အထက်အောက် ညီညွတ်မှုနဲ့ စုစည်းခိုင်မာမှု၊ ရန်သူ့သွေးခွဲမှုတွေကို ကြံ့ကြံ့ခံနိုင်ဖို့ အရေးတကြီး လိုအပ်ပါတယ်” ဟု တိုက်တွန်းပြောကြားသည်။
တစ်ဖက်တွင်လည်း စစ်ကော်မရှင် လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၂၄ ရက်နေ့တွင် PDF၊ DPLA၊ KNDF နှင့် PNLO အဖွဲ့ဝင် ၂၇ ဦး လက်နက်များနှင့်အတူ ဝင်ရောက်လာကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် မတ်လ ၁၉ ရက်နေ့ကလည်း တပ်သား ၅၀၆ ဦး အလင်းဝင်သည့် အခမ်းအနား ကျင်းပခဲ့ကြောင်း စစ်တပ်လော်ဘီ ချန်နယ်များတွင် ဝါဒဖြန့် ဖော်ပြခဲ့သည်။
သို့သော် ယင်းကဲ့သို့ အများအပြား ဘက်ပြောင်းသည်ဆိုသည့် အချက်အလက်များအပေါ် တော်လှန်ရေးအင်အားစုများဘက်က အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ရန်သူ၏ စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်မှုများသာ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
#ရဲဘော် #လက်နက်နှင့်အတူ #စစ်ကော်မရှင် #ဘက်ပြောင်းသွားမှု #အညာမြေတပ်ပေါင်းစု #ThanLwinKhetNews
