![]()
သံလွင်ခက်/မတ် ၁၈။ ဓါတ်ပုံ – ပေးပို့
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ပလောတပို့ စစ်ဘေးရှောင်စခန်းသည် ကာမီကာဇေ (Kamikaze) အသေခံဒရုန်းများဖြင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီးနောက် စခန်းတစ်ခုလုံး ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းခဲ့ရသော်လည်း၊ လက်ရှိတွင် စစ်ဘေးရှောင် ၄,၀၀၀ ကျော်အတွက် ပြန်လည်နေရာချထားရန် နေရာထိုင်ခင်းနှင့် အခြေခံအဆောက်အအုံ အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် စစ်ကော်မရှင်၏ အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်များသည် ၎င်းတို့၏ နေအိမ်တဲများနှင့် အသုံးအဆောင်ပစ္စည်းများအားလုံးကို သယ်ဆောင်ကာ ယနေ့ (မတ် ၁၈) တွင် စခန်းဟောင်းမှ လုံးဝစွန့်ခွာရွှေ့ပြောင်းခဲ့ကြခြင်းဖြစ်သည်။

ဆေးပေးခန်းအပါအဝင် အဆောက်အအုံများ ဖျက်သိမ်းခဲ့ရ
အရေးပေါ်ရွှေ့ပြောင်းမှုအတွင်း စစ်ဘေးရှောင်များအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ဆေးပေးခန်းကိုပါ ဖျက်သိမ်းကာ သယ်ဆောင်ခဲ့ရသည်။
နေရာသစ်တွင် ကျန်းမာရေးနှင့် ပညာရေးအတွက် အဆောက်အအုံများ ပြန်လည်တည်ဆောက်ရန် ရုန်းကန်နေရပြီး၊ စနစ်တကျ နေရာချထားနိုင်ခြင်း မရှိသေးဘဲ ယာယီခိုလှုံနေရသည့် အဆင့်သာ ရှိသေးကြောင်း သိရသည်။

ပလောတပို့ စစ်ဘေးရှောင်စခန်းသည် ကျေးရွာပေါင်း ၁၃ ရွာမှ လာရောက်ခိုလှုံသူ အိမ်ခြေ ၁,၀၀၀ ကျော် (လူဦးရေ ၄,၀၀၀ ကျော်) ရှိသည့် စခန်းကြီးတစ်ခု ဖြစ်သည်။

ယခုကဲ့သို့ လူဦးရေထောင်ချီကို တစ်ပြိုင်နက်တည်း နေရာချထားရန်အတွက် လုံခြုံစိတ်ချရသည့် မြေနေရာ လုံလောက်မှုမရှိခြင်း၊ သောက်သုံးရေနှင့် မိလ္လာစနစ် အခက်အခဲရှိခြင်း၊ မိုးရာသီမတိုင်မီ အမိုးအကာများ အမြန်ဆုံး အခြေချနိုင်ရန် လိုအပ်နေခြင်း စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

စစ်ဘေးရှောင်များသည် စစ်ပွဲဒဏ်အပြင် ယခုကဲ့သို့ အသေခံဒရုန်းများ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့နေပြီး၊ နေရာသစ်တွင် အခြေချနိုင်ရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

