![]()
သံလွင်ခက်/မတ် ၂၅။ ပုံ –တီဟီရန် (အီရန်) နှင့် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟု ၎င်းဆိုထား ရာတွင်၊ မိမိ၏ အစိုးရအဖွဲ့အနေဖြင့် ‘မှန်ကန်သူများ’ နှင့် ဆက်ဆံဆောင်ရွက်နေကြောင်း ဒေါ်နယ် ထရမ့် ပြောဆို။ (ဓာတ်ပုံ – Reuters)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် အချက် ၁၅ ချက်ပါဝင်သည့် အပစ်အခတ်ရပ်စဲရေး အစီအစဉ်တစ်ရပ်ကို ပါကစ္စတန်နိုင်ငံမှတစ်ဆင့် ကမ်းလှမ်းလိုက်ကြောင်း AP သတင်းဌာနက ဖော်ပြသည်။
ယခုကမ်းလှမ်းမှုသည် အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ စစ်ရေးအင်အား တိုးမြှင့်ဖြည့်တင်းနေချိန်နှင့် တိုက်ဆိုင်နေသည်။
သမ္မတထရမ့်က အီရန်နှင့် ဆွေးနွေးမှုများ စတင်နေပြီဟု အိမ်ဖြူတော်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းဆွေးနွေးပွဲများ၌ ၎င်း၏ သမက်ဖြစ်သူ ဂျာရက် ကွတ်ရှ်နာနှင့် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်တို့ ဦးဆောင်မည်ဟု ဆိုသည်။

ပုံ – မတ်လ ၂၄ ရက်၊ အင်္ဂါနေ့က အနောက်ဘက်ကမ်း (West Bank) ရှိ ကစ်ဖ်ဟားရစ် (Kifl Haris) ကျေးရွာသို့ ကျရောက်ခဲ့သည့် အီရန်ဒုံးကျည် အပျက်အစီးအနီး ဓာတ်ပုံရိုက်နေကြသော အစ္စရေးစစ်သားများ။ (ဓာတ်ပုံ – AP Photo/Majdi Mohammed)
သို့သော် တစ်ဖက်တွင်မူ ပင်တဂွန်စစ်ဌာနချုပ်သည် ဒေသတွင်းသို့ ၈၂ ခုမြောက် လေကြောင်းချီတပ်မမှ စစ်သည် ၁,၀၀၀ အပြင်၊ မရိန်းတပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်ကိုပါ ထပ်မံစေလွှတ်ရန် ပြင်ဆင်နေသည်ဟု AP သတင်းဌာနက သတင်းရင်းမြစ် ၃ ဦးဖြင့် အတည်ပြု၍ ဖော်ပြထားသည်။

ပုံ – အနောက်ဘက်ကမ်းရှိ ကစ်ဖ်ဟားရစ်ကျေးရွာသို့ ကျရောက်ခဲ့သော အီရန်ဒုံးကျည်အပျက်အစီးအနီး စုရုံးနေကြသည့် ပါလက်စတိုင်းဒေသခံများ။ (ဓာတ်ပုံ – AP)
ယခုစစ်ရေးလှုပ်ရှားမှုမှာ အီရန်အပေါ် “အမြင့်ဆုံး လိုက်လျောညီထွေရှိမှု” (Max Flexibility) ရရှိစေရန်နှင့် ဆွေးနွေးပွဲများအတွင်း အသာစီးရစေရန် ဖန်တီးထားသည့် ထရမ့်၏ ဗျူဟာဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။
နယူးယောက်အခြေစိုက် သုတေသနအဖွဲ့စည်း Soufan Center ကမူ ထရမ့်သည် စစ်ပွဲမှ ထွက်ပေါက်ရှာနေခြင်း သို့မဟုတ် စစ်ကူများ ရောက်ရှိလာစေရန် အချိန်ဆွဲနေခြင်းလည်း ဖြစ်နိုင်ကြောင်း ဆိုသည်။

အမေရိကန်၏ ကမ်းလှမ်းမှုအပေါ် အီရန်အစိုးရအတွင်း၌ သဘောထားကွဲလွဲမှုများ ရှိနေပုံရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံအချို့နှင့် ဆွေးနွေးမှုရှိကြောင်း ဝန်ခံသော်လည်း၊ လွှတ်တော်ဥက္ကဋ္ဌနှင့် စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူတို့ကမူ တိုက်ရိုက်ဆွေးနွေးနေခြင်းမရှိကြောင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်။

လက်ရှိတွင် အီရန်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ကျရောက်နေသလို၊ အီရန်ဘက်ကလည်း ဒုံးကျည်နှင့် ဒရုန်းများဖြင့် တုံ့ပြန်နေဆဲဖြစ်သည်။
အထူးသဖြင့် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အီရန်က ထိန်းချုပ်ထားခြင်းကြောင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်ကာ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်နေကြသည်။
ဝါရှင်တန်အနေဖြင့် အီရန်၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များကို ကန့်သတ်လိုသော်လည်း ယင်းမှာ အကောင်အထည်ဖော်ရန် ခက်ခဲသော ရည်မှန်းချက်ဖြစ်သည်။

ပုံ – အစ္စရေး၊ တဲလ်အဗစ်မြို့တွင် အီရန်ဒုံးကျည်ကျရောက်ခဲ့သည့်နေရာ၌ လုံခြုံရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းရေးလုပ်ဆောင်နေစဉ်။ (ဓာတ်ပုံ – AP)
ထို့ပြင် အစ္စရေးက အီရန်ခေါင်းဆောင်များကို ဆက်လက်သတ်ဖြတ်မည်ဟု ကြွေးကြော်ထားခြင်းနှင့် ယခင်က ဆွေးနွေးပွဲလုပ်နေစဉ်အတွင်း အမေရိကန်၏ တိုက်ခိုက်မှုများကို ကြုံခဲ့ရဖူးခြင်းတို့ကြောင့် အီရန်ဘက်က သံသယကြီးစွာ ရှိနေသည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှာရစ်ဖ်ကမူ ယခုဆွေးနွေးပွဲများကို လက်ခံကျင်းပပေးရန် အသင့်ရှိကြောင်း ကမ်းလှမ်းထားပြီး၊ အဆင်ပြေပါက လာမည့်အပတ် အစောပိုင်းတွင် ဆွေးနွေးပွဲများ စတင်နိုင်ခြေရှိကြောင်း ဒေသတွင်း သံတမန်သတင်းရင်းမြစ်များက ဆိုသည်။
Ref: AP News
