![]()
သံလွင်ခက်/မတ် ၂၆။ ဓာတ်ပုံ – Thai PBS
ထိုင်းနိုင်ငံ စက်သုံးဆီရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီသည် ဒီဇယ်နှင့် ဓာတ်ဆီများအတွက် အစိုးရက စိုက်ထုတ်ကျခံပေးနေသည့် ထောက်ပံ့ကြေးများကို လျှော့ချရန် အတည်ပြုလိုက်သဖြင့် ပြည်တွင်းလက်လီစက်သုံးဆီစျေးနှုန်းများ တစ်လီတာလျှင် ၆ ဘတ်အထိ မြင့်တက်သွားပြီဖြစ်သည်။
ယခုကဲ့သို့ စျေးနှုန်းတိုးမြှင့်လိုက်ခြင်းမှာ တစ်လလျှင် ဘတ် ၈၀ ဘီလီယံကျော်အထိ ကုန်ကျနေသည့် စက်သုံးဆီရန်ပုံငွေ၏ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်နှင့် ကမ္ဘာ့စွမ်းအင်စျေးကွက် မတည်မငြိမ်ဖြစ်မှုကို တုံ့ပြန်ရန်အတွက် ဖြစ်သည်ဟု ဆိုသည်။
အရှေ့အလယ်ပိုင်းဒေသရှိ စစ်ရေးတင်းမာမှုများကြောင့် ကမ္ဘာ့စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာခြင်းက အဓိကတွန်းအား ဖြစ်ခဲ့သည်။
စင်ကာပူစက်သုံးဆီစျေးကွက်တွင် ဒီဇယ်စျေးနှုန်းမှာ မတ်လ ၂၃ ရက်၌ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၂၀ ရှိရာမှ တစ်ရက်အတွင်း ၂၄၂ ဒသမ ၉၁ ဒေါ်လာအထိ ထိုးတက်သွားခဲ့သည်။
ထိုင်းအစိုးရသည် ယခင်က ဒီဇယ်စျေးနှုန်းကို တစ်လီတာလျှင် ၂၉ ဒသမ ၉၄ ဘတ်နှင့် ၃၃ ဘတ်ထက်မကျော်ရန် Price Cap ခေါ် စျေးနှုန်းအမြင့်ဆုံးကန့်သတ်ချက်ဖြင့် ထိန်းချုပ်ထားခဲ့သော်လည်း မတ်လ ၁၈ ရက်နှင့် ၂၅ ရက်တို့တွင် အဆိုပါကန့်သတ်ချက်များကို နှစ်ဆင့်ခွဲ၍ ရုပ်သိမ်းခဲ့သည်။
ဒီဇယ်စျေးနှုန်း တစ်လီတာ ၆ ဘတ်နှုန်း ရုတ်တရက်မြင့်တက်သွားခြင်းသည် စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍအပေါ် ဝန်ထုပ်ဝန်ပိုး အကြီးမားဆုံး ဖြစ်စေနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူ တွဲဖက်ပါမောက္ခ ဒေါက်တာ အတ်တ် ပီဆန်ဝနစ် (Dr. Aat Pisanwanich) က Thai Enquirer သတင်းဌာနကို သုံးသပ်ပြောဆိုထားသည်။
ယခုကဲ့သို့ ဒီဇယ်စျေးနှုန်း တစ်လီတာလျှင် ၆ ဘတ်နှုန်း ရုတ်တရက် ခုန်တက်သွားခြင်းသည် ထိုင်းနိုင်ငံ၏ အဓိက စီးပွားရေးမောင်းနှင်အားဖြစ်သော ကဏ္ဍနှစ်ခုအပေါ် အပြင်းအထန် ရိုက်ခတ်လာဖွယ် ရှိနေသည်။
အထူးသဖြင့် ဒီဇယ်သုံးစွဲမှု စုစုပေါင်း၏ ၆၂ ရာခိုင်နှုန်းခန့်အထိ ရှိနေသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လုပ်ငန်းရှင်များအနေဖြင့် တစ်နေ့လျှင် ပျမ်းမျှ ဘတ် ၁,၂၀၀ ခန့် အပိုဆောင်းကုန်ကျစရိတ်များ ဖြစ်ပေါ်လာမည်ဖြစ်သည်။
ထို့အတူ စက်မှုကုန်ထုတ်လုပ်ငန်းများတွင်လည်း စွမ်းအင်စရိတ် မြင့်မားလာမှုကြောင့် လုပ်ငန်းရှင်တစ်ဦးလျှင် တစ်နေ့တာ လည်ပတ်မှုကုန်ကျစရိတ်မှာ ပျမ်းမျှအားဖြင့် ဘတ် ၃,၀၀၀ ခန့်အထိ သိသိသာသာ မြင့်တက်လာနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက ထောက်ပြထားသည်။
ဤကဲ့သို့ ကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်းသည် နောက်ဆက်တွဲအနေဖြင့် လူသုံးကုန်ပစ္စည်းစျေးနှုန်းများအပေါ် သက်ရောက်မှုရှိလာနိုင်ပြီး အများပြည်သူ၏ လူမှုစီးပွားဘဝအပေါ် ဖိအားဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
အိမ်နီးချင်း မလေးရှားနိုင်ငံတွင်လည်း မတ်လလယ်မှစတင်ကာ ဒီဇယ်စျေးနှုန်းမှာ တစ်လီတာလျှင် ၃၉ ဒသမ ၅၄ ဘတ်ခန့်အထိ မြင့်တက်နေပြီဖြစ်ရာ ယခုစျေးနှုန်းညှိနှိုင်းမှုသည် မှောင်ခိုကုန်သွယ်မှုများကို လျှော့ချရာတွင်လည်း အထောက်အကူပြုမည်ဟု တာဝန်ရှိသူများက မျှော်လင့်ထားသည်။
ထိုင်းအစိုးရအနေဖြင့် ဆီစျေးတက်ခြင်းကြောင့် တိုက်ရိုက်ထိခိုက်နိုင်သည့် တောင်သူလယ်သမားများ၊ ရေလုပ်သားများနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များ (MSMEs) အတွက် ကုစားမှုအစီအစဉ်များကို ပြင်ဆင်နေကြောင်း သိရသည်။
Ref : Khaosod / Thai Enquirer
