![]()
နှောင်း/မတ် ၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ မိုင်းယုဒေသတွင် ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲများအတွင်း ဖြုတ်ချခံခဲ့ရသော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ အလံများကို ယနေ့တွင် ပြန်လည်လွှင့်ထူထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့မှစတင်ကာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် TNLA တို့အကြား နယ်မြေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုများကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း မိုင်းယုဒေသနှင့် ၁၂ မိုင်ဂိတ်အနီးရှိ TNLA အုပ်ချုပ်ရေးရုံးများနှင့် စစ်ဆေးရေးဂိတ်များတွင် စိုက်ထူထားသော တအာင်းအလံများ ဖြုတ်ချခံခဲ့ရပြီး MNDAA အလံများဖြင့် အစားထိုးလွှင့်ထူခဲ့ခြင်းကြောင့် နှစ်ဖက်ထောက်ခံသူများအကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
ရုပ်သံ- မိုင်းယုတွင် TNLA အလံများ ပြန်လည်လွှင့်ထူထားသည်ကို မတ် ၂၄ က တွေ့ရစဉ် (သံလွင်ခက်)
ယခုကဲ့သို့ အလံများ ပြန်လည်လွှင့်ထူနိုင်ခြင်းမှာ မတ်လ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ လောက်ကိုင်မြို့တွင် ပြုလုပ်ခဲ့သော နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ၏ အရေးပေါ်တွေ့ဆုံဆွေးနွေးမှု ရလဒ်ကြောင့်ဖြစ်သည်ဟု ယူဆရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အချင်းချင်းကြား ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ယာယီအပစ်အခတ်ရပ်စဲရေးနှင့် အပြန်အလှန်လေးစားမှုရှိစေရန် သဘောတူညီခဲ့ကြသည်ဟု သတင်းများထွက်ပေါ်နေသည်။
ဒေသခံတစ်ဦးက “ညီနောင်မဟာမိတ်အုပ်ချုပ်တဲ့ မိုင်းယုမှာတော့ တအာင်းအလံတွေ ပြန်ပြီးတော့ လွှင့်ထူထားပြီပေါ့နော်။ နမ့်ခမ်းနဲ့ နမ့်ဖတ်ကာ တောင်ပေါ်မှာတော့ ၁၂ မိုင်အကျော်ပေါ့၊ ကွတ်ခိုင်နယ်အကျော်က တပ်တွေ၊ စစ်သားတွေ နောက်ပြန်ဆုတ်လိုက်ပြီ၊ ကွတ်ခိုင်နယ်ထဲပဲ ပြန်သွားတယ်” ဟု ပြောကြားခဲ့သည်။
သို့သော်လည်း မိုင်းယုဒေသနှင့် အချက်အချာကျသော ၁၂ မိုင်ဂိတ်တွင် မည်သည့်အဖွဲ့က အဓိက အုပ်ချုပ်ရေးနှင့် အခွန်ကောက်ခံမှုများ ဆောင်ရွက်မည်ဆိုသည့် အချက်ကိုမူ တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပေ။
လက်ရှိတွင် နှစ်ဖက်တပ်ဖွဲ့များအကြား သေနတ်သံများ ငြိမ်သက်နေသော်လည်း စစ်ရေးအရ အပြန်အလှန် စောင့်ကြည့်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။
