![]()
ခင်သရဖီဦး/မတ် ၁၉။ ပုံ – ကျောက်ဖြူ ဒိုးတောင်ရွာကို စစ်တပ်အသေခံဒရုန်းဖြင့် ဗုံးကြဲ (APM)
အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် ကျောက်ဖြူမြို့နယ်တွင် စစ်တပ်က အသေခံဒရုန်းများဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်တစ်ဦး သေဆုံးပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ညအချိန်အထိ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ရှိခဲ့ခြင်း ဖြစ်သည်ဟု အသက် ၃၀ အရွယ် ကျောက်ဖြူဒေသခံတစ်ဦးက ဆိုသည်။
“အသေခံဒရုန်းတွေနဲ့ ဗုံးကြဲသွားတာပေါ့လေ။ မနေ့က နံနက် ၁၁ နာရီလောက်ကနေ ညအချိန်အထိ တောက်လျှောက်လာချတာ ရှိတယ်။ အဲဒီဦးလေးဆီမှာ တည့်တည့်ကျပြီးတော့ ကျတဲ့နေရာမှာပဲ ဗုံးစတွေ ထိမှန်ပြီး သေဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။

ပုံ – (APM)
သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ ချောင်းမြောင်ကျေးရွာမှ ဒိုးတောင်ကျေးရွာသို့ လာရောက် စစ်ဘေးရှောင်နေသည့် အသက် ၆၀ အရွယ် ဦးတင်ထီးခိုင် ဖြစ်သည်။

ပုံ – (APM)
“စစ်တပ်က ငအုပ်ရွာအနားမှာ ရပ်ထားတဲ့ ရေတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်သွားတယ်။ နောက်ပြီး လေကြောင်းကလည်း ဆက်တိုက်ပစ်ခတ်တာတွေ ရှိတယ်” ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး အပြန်အလှန် ထိုးစစ်ဆင်မှုများလည်း ရှိနေကြောင်း သိရသည်။
