![]()
သံလွင်ခက်/မတ်လ ၂၄။ ဓါတ်ပုံ –
ကေအဲန်ယူ၏ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လေကြောင်းနှင့် ဒရုန်းများအသုံးပြုကာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအရပ်သားတစ်ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးရက်တာကာလအတွင်း လယ်ဒို (ကျောက်ကြီး) မြို့နယ်ရှိ ဖိုးတကျေးရွာနှင့် ရွှေတဲစုကျေးရွာများကို စစ်ကော်မရှင်တပ်က ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၁၄ လုံးအပြင် နွားတဲကုတ်များပါ ထိမှန်ပျက်စီးခဲ့ရသည်။
ထို့အပြင် မတ်လ ၂၂ ရက်နေ့တွင်လည်း စစ်ကော်မရှင်သည် Y-12 လေယာဉ်ကိုအသုံးပြု၍ ဒလဆိပ်ကျေးရွာအတွင်းသို့ ၆ ကြိမ်ထက်မနည်း ဗုံးကြဲချခဲ့ရာ နေအိမ်တစ်လုံးနှင့် လိန်ပင်ဝဲရွာရှိ ဆီစက်တစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဆောထိ (ရွှေကျင်) မြို့နယ်တွင်လည်း မတ်လ ၂၁ ရက်နေ့က Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄၇ နှစ်အရွယ် စောသေးလာဟေး ဆိုသူမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မတ်လ ၂၁ ရက်နှင့် ၂၂ ရက်၊ နှစ်ရက်တာကာလတိုအတွင်းမှာပင် စစ်ကော်မရှင်သည် ခလယ်လွီထူခရိုင်အတွင်းသို့ လေကြောင်းနှင့် လက်နက်ကြီးအင်အား အဆမတန် အသုံးပြုခဲ့သည်။
Y-12 လေယာဉ်ဖြင့် (၂၃) ကြိမ်၊ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြိမ် (၃၀) နှင့် ဒရုန်းဖြင့် (၄) ကြိမ်တိုင်တိုင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းသည် ဒေသခံအရပ်သားများအပေါ် စစ်ရေးပစ်မှတ်သဖွယ် ပြုလုပ်လာခြင်းဖြစ်ကြောင်း ကေအဲန်ယူ၏ u က အသိပေးထားသည်။

လက်ရှိတွင် အဆိုပါစစ်ရေးလှုပ်ရှားမှုနှင့် တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများသည် အသက်ဘေးလွတ်ရာ တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လုံခြုံရေးအတွက် အထူးစိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။

#ညောင်လေးပင် #စစ်ကော်မရှင်တပ် #လေကြောင်း #ဒရုန်းပစ်မှတ်ထားတိုက်ခိုက် #ThanLwinKhetNews
