![]()
သံလွင်ခက်/မတ် ၂၄။ ပုံ – တနင်္လာနေ့က လေယာဉ်ပျက်ကျရာနေရာ၌ ထူထပ်သော မီးခိုးလုံး များ အူထွက်နေသည်ကို တွေ့ရစဉ်။(ဓာတ်ပုံ – Daniel Ortiz / AFP via Getty Images)
ကိုလံဘီယာနိုင်ငံတွင် စစ်ဘက်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၆၆ ဦး သေဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အကြီးအကဲက အတည်ပြု ပြောကြားလိုက်သည်။
ကနဦးသတင်းများအရ အဆိုပါ Lockheed Martin Hercules C-130 အမျိုးအစား လေယာဉ်ပေါ်တွင် လိုက်ပါလာသူ စုစုပေါင်း ၁၂၅ ဦးရှိပြီး ၎င်းတို့အနက် အများစုမှာ စစ်သည်များ ဖြစ်ကြသည်။
ကိုလံဘီယာ လေတပ်တပ်မှူး ဖာနန်ဒိုဆေးလ်ဗားက လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုသတင်းစကားမှတစ်ဆင့် လေယာဉ်ပေါ်တွင် ခရီးသည် ၁၁၄ ဦးနှင့် လေယာဉ်အဖွဲ့သား ၁၁ ဦး လိုက်ပါသွားကြောင်း ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း ကာကွယ်ရေးဝန်ကြီး ပတ်ဒရို အာနူးဖို ဆန်းချက်ဇ်ကမူ ယခုဖြစ်ရပ်ကို “ဝမ်းနည်းဖွယ်ရာ မတော်တဆမှုတစ်ခု” ဟု ဖော်ပြခဲ့သည်။
“ထိခိုက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ ဝေဒနာခံစားရပါတယ်။ တရားဝင်သတင်းအချက်အလက်တွေ မထွက်လာသေးခင်အထိ ခန့်မှန်းပြောဆိုတာမျိုးတွေ မလုပ်ကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အလွန်နာကျင်ရတဲ့ ဖြစ်ရပ်ပါပဲ” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။
ယခုဖြစ်ရပ်နှင့်ပတ်သက်၍ သမ္မတ ဂူစတာဗို ပတ်ထရိုကလည်း မှတ်ချက်ပြုခဲ့ပြီး စစ်တပ်ကို ခေတ်မီအောင် အဆင့်မြှင့်တင်မည့် ၎င်း၏အစီအစဉ်များကို ပိတ်ဆို့ဟန့်တားနေသူများကို ဝေဖန်လိုက်သည်။
ကိုလံဘီယာနိုင်ငံသည် C-130 လေယာဉ်များကို ၁၉၆၀ ပြည့်နှစ်များကတည်းက စတင်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
သမ္မတ ပတ်ထရိုက X လူမှုကွန်ရက်တွင် “ကျွန်တော် ထပ်ပြီး အချိန်ဆွဲမနေတော့ဘူး။ ဒါဟာ ကျွန်တော်တို့ လူငယ်တွေရဲ့ အသက်နဲ့ဆိုင်တဲ့ကိစ္စ ဖြစ်တယ်။ အကယ်၍ အရပ်ဘက် ဒါမှမဟုတ် စစ်ဘက်က စီမံခန့်ခွဲသူတွေအနေနဲ့ ဒီစိန်ခေါ်မှုကို မကျော်လွှားနိုင်ဘူးဆိုရင် သူတို့ကို ရာထူးကနေ ဖယ်ရှားရပါလိမ့်မယ်” ဟု ရေးသားခဲ့သည်။
အဆိုပါလေယာဉ်သည် ပီရူးနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ကိုလံဘီယာတောင်ပိုင်း အမေဇုန်ဒေသရှိ လေဆိပ်တစ်ခုမှ ပျံတက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။
လေယာဉ်ပျက်ကျသည့်နေရာသည် လူနေထူထပ်သော မြို့ပြအခြေစိုက်စခန်းတစ်ခုနှင့် နှစ်မိုင်ခန့်သာ ဝေးကွာကြောင်း ဒေသတွင်းသတင်းဌာနဖြစ်သည့် BluRadio က ဖော်ပြသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်များ၌ စစ်လေယာဉ်တစ်စီးသည် တောနက်များပေါ်မှ ပျံတက်သွားပြီးနောက် မြေပြင်သို့ ဖြည်းညင်းစွာ ပြန်လည်ထိုးဆင်းသွားသည်ကို မြင်တွေ့ရသည်။
အခြားဗီဒီယိုဖိုင်တစ်ခုတွင်မူ ဒေသခံများက ဒဏ်ရာရရှိထားသည့် စစ်သည်များကို ဆိုင်ကယ်များဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်နေသည်ကို တွေ့ရသည်။
Lockheed Martin C-130 Hercules လေယာဉ်များကို ကမ္ဘာတစ်ဝန်းရှိ စစ်တပ်များတွင် အသုံးပြုနေကြပြီး ၎င်းတို့ကို ၁၉၅၀ ပြည့်နှစ်များတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ကိုလံဘီယာနိုင်ငံသည် ပထမဆုံး C-130 လေယာဉ်များကို ၁၉၆၀ ပြည့်နှစ်များနှောင်းပိုင်းတွင် ဝယ်ယူခဲ့သည်။
ပြီးခဲ့သည့်လကလည်း ဘိုလီးဗီးယားလေတပ်ပိုင် C-130 လေယာဉ်တစ်စီး အယ်လ်တိုမြို့တွင် ပျက်ကျခဲ့ရာ လူ ၂၀ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ထိုစဉ်က လေယာဉ်ပေါ်ပါလာသည့် ငွေစက္ကူများ မြို့အနှံ့ ပျံ့လွင့်သွားခဲ့သဖြင့် ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ရုန်းရင်းဆန်းခတ်မှုများ ဖြစ်ပွားခဲ့သေးသည်။
ယခုဖြစ်ရပ်သည် ယခုနှစ်အတွင်း ကိုလံဘီယာနိုင်ငံတွင် ဒုတိယမြောက် လေယာဉ်ပျက်ကျမှုဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလကလည်း နိုင်ငံမြောက်ပိုင်းတွင် ခရီးသည်တင်လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လွှတ်တော်အမတ်တစ်ဦး အပါအဝင် လေယာဉ်ပေါ်ပါသူ ၁၅ ဦးလုံး သေဆုံးခဲ့သည်။
Ref:Skysports
#ကိုလံဘီယာ #စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် #ပျက်ကျ #ThanLwinKhetNews
