![]()
အက်သားရီ/မတ် ၂၄။ ပုံ – ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး( BLDF) အခြေခံ စစ်ပညာသင်တန်းတစ်ခု (BLDF လူမှုကွန်ရက်၊ ပုံဟောင်း)
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း ကျေးရွာများကို စီးနင်းမီးရှို့နေသည့် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၉ ဦး သေဆုံးပြီး ရဲတပ်သားတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ယနေ့ ထုတ်ပြန်သည်။
အင်အား ၂၀၀ ခန့်ပါဝင်သော အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က ချောင်းဦးမြို့မှ ကင်မွန်းတော် ပျူစောထီးရွာသို့ ရိက္ခာပို့ရန် ထွက်ခွာလာစဉ် BLDF နှင့် မဟာမိတ်တပ်ဖွဲ့များက လမ်းခုလတ်၌ ရှေ့ထွက်မိုင်းများဖြင့် ပထမအကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် အဆိုပါစစ်ကြောင်းသည် ရှမ်းထူးကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဒုတိယအကြိမ် ဝင်ရောက်ရှင်းလင်း တိုက်ခိုက်ခဲ့သည်။
စစ်ကော်မရှင်စစ်ကြောင်းနှင့် ကင်မွန်းတော်ရွာမှ ပျူစောထီးများ ပူးပေါင်းကာ ရှမ်းထူးကျေးရွာရှိ အိမ်ခြေ ၄၇၀ အနက် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ရိက္ခာပို့စစ်ကြောင်းက ချောင်းဦးထဲ ပြန်ဝင်သွားပေမဲ့ ကျန်ခဲ့တဲ့ စစ်သားနဲ့ ပျူ စုစုပေါင်း ငါးဆယ်လောက်က ရှမ်းထူးရွာမှာ ဆက်ကျန်နေပြီး ထပ်မံမီးရှို့ခဲ့ကြတာပါ” ဟု BLDF တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပျူစောထီး စုစုပေါင်း ၉ ဦး သေဆုံးခဲ့သည်ဟု တော်လှန်ရေးတပ်များဘက်က အတည်ပြုသည်။
အရှင်ဖမ်းဆီးရမိသည့် ရဲတပ်သားကို ချောင်းဦးမြို့နယ် ပကဖ (CHU PDF) ထံ စနစ်တကျ လွှဲပြောင်းပေးထားပြီး၊ တော်လှန်ရေးရဲဘော်နှစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ (၃) နှင့်အတူ မုံရွာခရိုင် ပကဖ (ရေနဂါးစစ်ကြောင်း)၊ ချောင်းဦးမြို့နယ် ပကဖ (CHU PDF)၊ နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့ နှင့် Special Force 11 တို့က မဟာမိတ်ညီနောင်များအဖြစ် ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
#ချောင်းဦး #အိမ်မီးရှို့ #စစ်ကော်မရှင်စစ်ကြောင်း #တိုက်ခိုက်ခံရ #ThanLwinKhetNews
