![]()
သံလွင်ခက်/မတ် ၂၄။
အရှေ့တောင်အာရှ၏ အကြီးဆုံး ယာဉ်စီးနင်းမှုနှင့် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Grab သည် ထိုင်ဝမ်ရှိ Foodpanda လုပ်ငန်းကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် Grab အနေဖြင့် အရှေ့တောင်အာရှဒေသပြင်ပသို့ စီးပွားရေးချဲ့ထွင်သည့် ပထမဆုံးခြေလှမ်း ဖြစ်သည်။
စင်ကာပူအခြေစိုက် Grab အုပ်စု၏ အဆိုအရ ဤဝယ်ယူမှုသည် ဉာဏ်ရည်တု (AI)၊ ဝန်ဆောင်မှုသစ်များနှင့် ပြည်ပလုပ်ငန်းဝယ်ယူမှုများမှတစ်ဆင့် ဝင်ငွေတိုးတက်စေရန် ချမှတ်ထားသော စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
အမှုဆောင်အရာရှိချုပ် Anthony Tan က အရှေ့တောင်အာရှရှိ ၎င်းတို့၏ အတွေ့အကြုံများသည် ထိုင်ဝမ်စျေးကွက်နှင့် ကိုက်ညီမှုရှိကြောင်း ဆိုထားသည်။
ထိုင်ဝမ် Foodpanda သည် ၂၀၂၅ ခုနှစ်တွင် စုစုပေါင်းကုန်စည်တန်ဖိုး (GMV) အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံခန့် ရှိခဲ့သည်။
Grab အနေဖြင့် ယခုနှစ် ဒုတိယနှစ်ဝက်တွင် လုပ်ငန်းလွှဲပြောင်းမှုကို အပြီးသတ်ရန် မျှော်မှန်းထားပြီး ၂၀၂၈ ခုနှစ်တွင် အဓိကဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့် တိုးပွားလာမည်ဟု ခန့်မှန်းထားသည်။
ထို့အပြင် Grabအနေဖြင့် လာမည့် ၃ နှစ်အတွင်း နှစ်စဉ်ဝင်ငွေ တိုးတက်မှုနှုန်း ၂၀ ရာခိုင်နှုန်းကျော်ရရှိရန်နှင့် ၂၀၂၈ တွင် အမြတ်ငွေ ၁.၅ ဘီလီယံရရှိရန် ရည်မှန်းထားကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
Grab ၏ ဥက္ကဋ္ဌ Alex Hungate က ၎င်းတို့အနေဖြင့် အမေရိကန်အခြေစိုက် Stash လုပ်ငန်းကို ဝယ်ယူခဲ့ခြင်းအပါအဝင် ဒေသပြင်ပတွင် လုပ်ငန်းအချို့ စတင်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။
Grab အုပ်စုသည် ၂၀၂၆ ခုနှစ်အတွက် ညှိနှိုင်းပြီးသား EBITDA (အခွန်နှင့် အတိုးမနှုတ်မီအမြတ်) ခန့်မှန်းချက်ကို အမေရိကန်ဒေါ်လာ ၇၀၀ သန်းမှ ၇၂၀ သန်းအတွင်း ရှိမည်ဟု အတည်ပြုထားသည်။
ဝယ်ယူလိုက်သော Foodpanda ထိုင်ဝမ်မှ အသုံးပြုသူများနှင့် ယာဉ်မောင်းများကို Grab ပလက်ဖောင်းပေါ်သို့ လွှဲပြောင်းခြင်းလုပ်ငန်းကို ၂၀၂၇ ခုနှစ် အစောပိုင်းတွင် အပြီးသတ်မည် ဖြစ်သည်။
ရောင်းချသူဘက်မှ Delivery Hero အမှုဆောင်အရာရှိချုပ် Niklas Oestberg က ယခုရောင်းချမှုသည် ကုမ္ပဏီ၏ မဟာဗျူဟာမြောက် ပြန်လည်သုံးသပ်မှုတွင် အရေးပါသော ခြေလှမ်းဖြစ်ကြောင်းနှင့် ရရှိလာသော ငွေကြေးများကို အကြွေးပြန်ဆပ်ရန် အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ယခုနှစ်အတွင်း Delivery Hero ၏ ရှယ်ယာစျေးနှုန်းများသည် သုံးပုံတစ်ပုံနီးပါးအထိ ကျဆင်းခဲ့သော်လည်း၊ ယခု ထိုင်ဝမ်လုပ်ငန်း ရောင်းချနိုင်ခဲ့သည့် သတင်းကြောင့် Delivery Hero ကုမ္ပဏီ၏ ရှယ်ယာစျေးနှုန်းမှာ ၁၁ ရာခိုင်နှုန်းနီးပါး ပြန်လည်မြင့်တက်လာခဲ့သည်။
သို့သော်လည်း ရင်းနှီးမြှုပ်နှံသူ Aspex Management က ထိုင်ဝမ်လုပ်ငန်းတစ်ခုတည်း ရောင်းချရုံဖြင့် မလုံလောက်သေးဘဲ စီမံခန့်ခွဲမှုပိုင်းတွင် ယုံကြည်မှုရရှိရန် ပိုမိုလုပ်ဆောင်သင့်ကြောင်း ဝေဖန်ထောက်ပြထားသည်။
Ref: The Nation
