![]()
နန်းဆုပန်ခန့်/မတ် ၂၄။ ပုံ – ဖလူးကျေးရွာအဝင်ဆိုင်းဘုတ်အားမြင်ရစဉ် (သံလွင်ခက်)
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားကျေးရွာများသို့ စစ်ကော်မရှင်တပ်က ကာမီကာဇေဒရုန်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၂၃ ရက် ည ၁၀ နာရီဝန်းကျင်ခန့်တွင် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသည့် ဖလူးကြီးကျေးရွာအတွင်းသို့ မဲကနယ်ဘက်မှနေ၍ စစ်ကော်မရှင်တပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက “မနေ့က တိုက်ပွဲမဖြစ်ဘူး။ မဲကနယ်ဘက်ကနေ ကာမီကာဇေကော၊ လက်နက်ကြီးကော တောက်လျှောက်ထုတာ။ ဒရုန်းလည်း လွှတ်တယ်။ ရဲဘော်တွေ ထိခိုက်တာတော့ ရှိတယ်” ဟု ပြောကြားသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အသေးစိတ်အခြေအနေကိုတော့ သံလွင်ခက်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။
စစ်ကော်မရှင်တပ်သည် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် နေရာများကို ဒရုန်းနှင့် လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်။
ပြီးခဲ့သည့် မတ်လလယ်ပိုင်းကလည်း ယခုဒရုန်းကျရောက်သည့်နေရာနှင့် မနီးမဝေးရှိ စစ်ဘေးရှောင်စခန်းများနှင့် လုပ်ငန်းခွင်နေရာအချို့ကို ကာမီကာဇေဒရုန်းဖြင့် ပစ်ခတ်ခဲ့သဖြင့် စစ်ဘေးရှောင် ပြည်သူများနှင့် အလုပ်သမားအချို့ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့ဖူးသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ဝေါ်လေဘက်သို့ စစ်အင်အားဖြည့်တင်းနိုင်ရန် ကြိုးပမ်းနေပြီး မင်းလက်ပံရှိ ပူးပေါင်းတပ်ဖွဲ့များ၏ ကာကင်းစခန်းများကို ထိုးစစ်ဆင်ခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများအပြင် ကာမီကာဇေဒရုန်းများကိုပါ အသုံးပြု၍ တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။
#မြဝတီတောင်ဘက် #ဖလူးကြီးကျေးရွာ #ThanLwinKhetNews
