![]()
သံလွင်ခက်/မတ် ၂၁။ Photo – ONN
ရခိုင်ပြည်နယ်အတွင်း မြို့နယ်သုံးခုတွင် တစ်ရက်တည်း၌ ဖြစ်ပွားခဲ့သော စစ်ကျန်မိုင်းနှင့် လက်နက်ကြီးကျည် ပေါက်ကွဲမှုများကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးပြီး၊ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၂၀ ရက်နေ့က မြေပုံမြို့နယ်၊ ဝက်ရူးကျေးရွာအနီးရှိ ပိုးသီးတောင်သို့ ထင်းခုတ်ရန်သွားသည့် အသက် ၆၈ နှစ်အရွယ် ဦးလှစိုးဖြူသည် စစ်ကျန်မိုင်းတစ်လုံးကို နင်းမိခဲ့ရာ ပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
“အရင်က အဲဒီတောင်မှာ မိုင်းပေါက်တာမျိုး မရှိခဲ့ဖူးတော့ အခုလို ဖြစ်သွားတာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အလားတူ မင်းပြားမြို့နယ်၊ ဂြမ်းမကျေးရွာမှ အသက် ၃၃ နှစ်အရွယ် ဒေါ်အေးခိုင်ဦးသည်လည်း ကျိန်းတောင်ရင်ကွဲဇရပ်အနီး ထင်းခုတ်သွားစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ယင်းပေါက်ကွဲမှုကြောင့် ၎င်း၏ ညာဘက်ခြေထောက် ပြတ်တောက်သွားသည့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်တွင်လည်း အသက် ၁၁ နှစ်အရွယ် မောင်ဖိုးလပြည့်သည် စစ်ကော်မရှင်လက်အောက်ခံ ခမရ (၅၄၄) တပ်ရင်းအနီးမှ ကောက်ရလာသည့် ၄၀ မမ (40MM) ဗုံးသီးတစ်လုံးကို နေအိမ်သို့ ယူဆောင်ကာ ထုဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ကလေးငယ်၏ ဦးခေါင်းတွင် မိုင်းစထိမှန်ကာ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိသွားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသည့်တိုင် ဒေသခံများမှာ စားဝတ်နေရေးအတွက် တောင်တောသို့ သွားရောက်စဉ် စစ်ကျန်မိုင်းများကြောင့် ထိခိုက်သေဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရပြီး၊ စစ်ကျန်လက်နက်ပစ္စည်းများကို မသိနားမလည်ဘဲ ကိုင်တွယ်မိရာမှလည်း အသက်အန္တရာယ် ထိခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။
