![]()
ပုံစာ – ဟီရန်မြို့လယ်တွင် တနင်္ဂနွေနေ့က အစိုးရကို ထောက်ခံအားပေးသည့် ဆန္ဒပြပွဲအတွင်း
သံလွင်ခက်/မတ် ၂၄။ လူအများက အလံများကို ဝှေ့ယမ်းနေကြစဉ်။/ဓာတ်ပုံ – Majid Saeedi/Getty Images
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စတုတ္ထပတ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်သော အီရန်နှင့် စစ်ပွဲကို အဆုံးသတ်ရန်အတွက် လက်ရှိတွင် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း တနင်္လာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
၎င်း၏ အဓိကရည်မှန်းချက်များမှာ အီရန်အနေဖြင့် ၎င်းတို့၏ နျူကလီးယားအစီအစဉ်အတွက် ယူရေနီယံသန့်စင်မှုများ ရပ်တန့်ရန်နှင့် အီရန်လက်ဝယ်ရှိ သန့်စင်ပြီး ယူရေနီယံများကို အမေရိကန်က သိမ်းဆည်းရန် ဖြစ်သည်။
“ဒါသာ တကယ်ဖြစ်လာမယ်ဆိုရင် အီရန်နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အစကောင်းတစ်ခု ဖြစ်မှာဖြစ်သလို ကျွန်တော်တို့ လိုချင်တဲ့အရာလည်း ဖြစ်ပါတယ်” ဟု ထရမ့်က ဆိုသည်။
ထို့ပြင် ဤသဘောတူညီချက်သည် အစ္စရေးအပါအဝင် ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာ၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့အတွက်ပါ အကျိုးရှိစေမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ “တီဟီရန်နဲ့ ဝါရှင်တန်ကြားမှာ ဘာဆွေးနွေးမှုမှ မရှိဘူး” ဟု နိုင်ငံပိုင်သတင်းဌာနမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
သမ္မတထရမ့်၏ လူမှုကွန်ရက်ပေါ်မှ ရေးသားချက်များသည် စွမ်းအင်ဈေးကွက်ကို ငြိမ်သက်စေရန်နှင့် ၎င်း၏ စစ်ရေးအစီအစဉ်များ အကောင်အထည်ဖော်ရန် အချိန်ဆွဲသည့် နည်းဗျူဟာသာဖြစ်ကြောင်း အီရန်ဘက်က တုံ့ပြန်သည်။
အီရန်လွှတ်တော်ဥက္ကဋ္ဌကလည်း ဆွေးနွေးပွဲများရှိနေသည်ဟူသော သတင်းကို ငြင်းဆိုခဲ့သည်။
အမေရိကန်က အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ပါက အမေရိကန်စစ်အခြေစိုက်စခန်းများရှိရာ ပင်လယ်ကွေ့ဒေသတွင်းရှိ စွမ်းအင်နှင့် ရေပေးဝေရေး အခြေခံအဆောက်အအုံများကို လက်တုံ့ပြန်သွားမည်ဟု အီရန်တာဝန်ရှိသူများက သတိပေးထားသည်။
ထို့ပြင် အီရန်ကာကွယ်ရေးကောင်စီက ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာမှုကို ၎င်းတို့နှင့် ညှိနှိုင်းရမည်ဖြစ်ကြောင်းနှင့် တိုက်ခိုက်ခံရပါက ရေလက်ကြားတစ်ခုလုံး ပိတ်ဆို့သွားစေရန် ရေမိုင်းများ ချထားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) တပ်မှူး ဗိုလ်ချုပ်ကြီး ဘရက်ဒ်ကူးပါးကမူ ဟော်မုဇ်ရေလက်ကြားမှာ လမ်းပွင့်နေသော်လည်း အီရန်၏ ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် သင်္ဘောများမှာ ရှောင်ရှားနေကြရကြောင်း ပြောကြားခဲ့သည်။
၎င်းက အမေရိကန်၏ စစ်ဆင်ရေးမှာ စီမံကိန်းအတိုင်း အောင်မြင်နေပြီး အီရန်၏ စစ်ရေးစွမ်းဆောင်ရည်များ ကျဆင်းလာနေပြီဟု ဆိုသည်။
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲ ဖာတီး ဘီရိုးက လက်ရှိစစ်ပွဲကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးဆင်းမှု ပြတ်တောက်နေခြင်းမှာ ကမ္ဘာ့စီးပွားရေးအတွက် “အလွန်ကြီးမားသော ခြိမ်းခြောက်မှု” ဖြစ်ကြောင်း သတိပေးခဲ့သည်။
လက်ရှိအခြေအနေမှာ ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်က ဖြစ်ပွားခဲ့သော ရေနံအကျပ်အတည်းများထက်ပင် ပိုမိုဆိုးရွားနေပြီး တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၁ သန်းခန့် ထုတ်လုပ်မှု လျော့ကျနေကြောင်း ၎င်းက ထောက်ပြခဲ့သည်။
IEA အနေဖြင့် ရေနံပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် ဥရောပ၊ အာရှနှင့် မြောက်အမေရိကရှိ အစိုးရများနှင့် ညှိနှိုင်းကာ အရန်ရေနံစည်များကို ထပ်မံထုတ်ပေးရန် စီစဉ်နေကြောင်း သိရသည်။
#အီရန် #ထရမ့် #တီဟီရန် #လျှို့ဝှက်ဆွေးနွေး #ThanLwinKhetNews
