![]()
မြန်မာနေရှင်နယ်လိဂ် (MNL) ပွဲစဉ်အတွင်း ပရိသတ်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမား မောင်မောင်လွင်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ၆ လ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ ကျပ်သိန်း ၃၀ ချမှတ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က သန်လျင် သီဟဒီပကွင်း၌ ကျင်းပခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ် (၁၂၂) တွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပထမပိုင်းပွဲကစားချိန်အပြီး အနားယူချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း ကျောနံပါတ် (၇၇) မောင်မောင်လွင်သည် ပွဲကြည့်စင်ပေါ်သို့တက်ကာ အမျိုးသမီးပရိသတ်တစ်ဦးကို ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီ၏ စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါအမျိုးသမီးပရိသတ်သည် ပွဲစဉ်အတွင်း ကစားသမားအား နာမည်တပ်၍ ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆိုခဲ့ကြောင်း တွေ့ရှိရသည်။
သို့သော်လည်း ယင်းသို့ ဆဲဆိုမှုရှိနေသော်လည်း ကစားသမားတစ်ဦးအနေဖြင့် ပရိသတ်အပေါ် ပြန်လည်တုံ့ပြန်ရာတွင် လိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များကို ကျော်လွန်၍ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အတွက် မောင်မောင်လွင်အား ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း MFF က ထုတ်ပြန်ထားသည်။
ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်၍ ကစားသမား မောင်မောင်လွင်ကို မတ်လ ၁၁ ရက်နေ့မှစတင်ကာ ၆ လတာကာလအတွင်း ဘောလုံးနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုအားလုံးတွင် ပါဝင်ခွင့်ကို ပိတ်ပင်လိုက်သည်။
ထို့အပြင် ၎င်းအနေဖြင့် ဒဏ်ကြေးငွေ ကျပ်သိန်း ၃၀ ကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။
အလားတူ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ကွင်းအတွင်း တာဝန်ယူခဲ့သည့် ကွင်းလယ်ဒိုင် ဦးကျော်ဇေယျာအောင်နှင့် တာဝန်ရှိသူများကိုလည်း စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများ ပြုလုပ်ခဲ့သည်။
၎င်းတို့သည် ပွဲစဉ်အတွင်း စည်းကမ်းအရ အနီကတ်ပြသရန် ပျက်ကွက်ခဲ့သည့်အတွက် လာမည့်ပွဲစဉ်အနီးစပ်ဆုံး ၃ ပွဲစီတွင် တာဝန်ပေးအပ်ခြင်းမပြုရန် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက ဆုံးဖြတ်ခဲ့သည်။
“ကွင်းထဲမှာ မူးယစ်သောင်းကျန်းပြီး ပြဿနာရှာတဲ့အတွက် ရန်ကုန်ကွင်းမှာ လာရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားတဲ့ ပုဂ္ဂိုလ်က တခြားအသင်းရဲ့ ပွဲစဉ်တွေမှာလည်း အခုလိုပဲ ထပ်မံလုပ်ဆောင်နေတာပါ။ ဒါတွေကို တာဝန်ရှိသူတွေသိပေမဲ့ လစ်လျူရှုထားတဲ့အတွက် အခုလို အခြေအနေမျိုးအထိ ဆိုက်ရောက်လာတာပါ” ဟု ရန်ကုန်ယူနိုက်တက် အသင်းပိုင်ရှင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
ပရိသတ်တစ်ဦးအနေဖြင့် အသင်းရလဒ်အပေါ် ဝေဖန်ပိုင်ခွင့်ရှိသော်လည်း၊ ယခုဖြစ်ရပ်တွင် ပုဂ္ဂိုလ်ရေးအရ မိသားစုကိုထိခိုက်အောင် ဆဲဆိုခြင်းနှင့် လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများဖြင့် တိုက်ခိုက်ခြင်းမှာ ဘောလုံးလောက၏ ကျင့်ဝတ်နှင့် မညီညွတ်ကြောင်း ဘောလုံးပရိတ်သက်များက ဆိုသည်။
အဖွဲ့ချုပ်အနေဖြင့်လည်း ကွင်းအတွင်း အလားတူ ပြဿနာရှာသူများကို ထိရောက်စွာ အရေးယူခြင်းမရှိပါက နောက်ဆက်တွဲ ပြဿနာများ ထပ်မံပေါ်ပေါက်လာနိုင်ကြောင်း မောင်မောင်လွင်၏ အသင်းပိုင်ရှင်က သတိပေးပြောကြားထားသည်။
မောင်မောင်လွင်သည် ယခင်ကလည်း ပရိတ်သက်ကိုဆဲဆိုခြင်း၊ လက်ခလယ်ထောင်ပြခြင်း၊ ဘောင်းဘီချွတ်ပြခြင်းတို့ ပြုလုပ်ခဲ့ဖူးသူဖြစ်ပြီး အဆိုပါ ရိုင်းစိုင်းသည့် အပြုအမူကြောင့် လက်ရွေးအသင်း အသင်းခေါင်းဆောင်ရာထူးမှ ခေတ္တဖယ်ရှားခံရဖူးသူဖြစ်သည်။
