![]()
သံလွက်ခက်/မတ် ၁၂
ဟော်မုဇ်ရေလက်ကြားအား လက်နက်အဖြစ် ဆက်လက်ပိတ်ဆို့မည်
အီရန်နိုင်ငံ၏ အဓိက ရေကြောင်းလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားအား ရန်သူကို ဖိအားပေးသည့် လက်နက်အဖြစ် ဆက်လက်ပိတ်ပင်ထားမည်ဟု အီရန်ခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
အယာတိုလာ အလီ ခါမေနီ လုပ်ကြံခံရပြီးနောက် ခေါင်းဆောင်သစ်အဖြစ် တာဝန်ယူလိုက်သည့် မိုဂျ်တာဘာ ခါမေနီသည် ရာထူးရယူပြီးနောက် ပထမဆုံးအကြိမ် လူသိရှင်ကြား မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
အမေရိကန်စစ်စခန်းများအား ခြိမ်းခြောက်
နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် မိုဂျ်တာဘာ ခါမေနီက အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများအားလုံးကို ချက်ချင်းပိတ်သိမ်းရန် တောင်းဆိုခဲ့ပြီး၊ ပျက်ကွက်ပါက အဆိုပါစခန်းများကို တိုက်ခိုက်သွားမည်ဟု ပြတ်သားစွာ သတိပေးခဲ့သည်။
၎င်းက “အီရန်နိုင်ငံဟာ အာဇာနည်တွေအတွက် ပြန်လက်စားချေဖို့ နောက်ဆုတ်မှာ မဟုတ်ဘူး” ဟု ထည့်သွင်းပြောဆိုကာ ပြည်သူများအား စည်းလုံးကြရန် တိုက်တွန်းခဲ့သည်။
ရေနံဈေးနှုန်းအပေါ် သက်ရောက်မှု
ခေါင်းဆောင်သစ်၏ အဆိုပါ ပြောဆိုမှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ထပ်မံမြင့်တက်လာခဲ့သည်။
လက်ရှိတွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့မှု ရပ်တန့်နေခဲ့ရာ ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂၀၀ အထိ ရောက်ရှိသွားနိုင်ကြောင်း အီရန်ဘက်က ဗုဒ္ဓဟူးနေ့တွင် သတိပေးထားသည်။
နိုင်ငံတကာ၏ တုံ့ပြန်မှုနှင့် မြေပြင်အခြေအနေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ ခေါင်းဆောင်သစ်ရွေးချယ်မှုအပေါ် စိတ်ပျက်မိကြောင်း Fox News သို့ ပြောကြားခဲ့ပြီး၊ ၎င်းအနေဖြင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်လိမ့်မည်ဟု မယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
လက်ရှိ မြေပြင်အခြေအနေတွင် အမေရိကန်နှင့် အစ္စရေးတို့၏ ဝေဟင်နှင့် ရေကြောင်း တိုက်ခိုက်မှုများမှာ လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာလျက်ရှိသည်။
အီရန်ဘက်ကလည်း ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအနီးတွင် ရေနံတင်သင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်လာနေသည်။
သို့သော် အမေရိကန်အနေဖြင့် အီရန်အစိုးရကို ဖြုတ်ချရန် ရည်ရွယ်ချက်ရှိ၊ မရှိမှာ ရှင်းလင်းစွာ မသိရသေးဘဲ ကျွမ်းကျင်သူများက လေကြောင်းတိုက်ခိုက်မှုသက်သက်ဖြင့် ခေါင်းဆောင်ပိုင်းကို လဲလှယ်နိုင်ရန် ခက်ခဲလိမ့်မည်ဟု သုံးသပ်ထားသည်။
ပုံစာ – အီရန်နိုင်ငံ၏ ခေါင်းဆောင်ကြီးသစ် မိုဂျတဘာ ခါမေနီ။
(ဓာတ်ပုံ – မော်တီဇာ နီကူဘာဇဲလ် | Nurphoto | Getty Images)
ရည်ညွှန်းကိုးကား- CNBS
