![]()
သံလွင်ခက်/မတ်လ ၁၂
မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် အနာဂတ် မွန်ပြည်နယ် တည်ဆောက်ရေးအတွက် ဘုံသဘောထား ရယူရန် ရည်ရွယ်ကျင်းပသည့် (၃) ရက်ကြာ မွန်တော်လှန်ရေးဖိုရမ်မှာ မတ်လ ၁၁ ရက်နေ့တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သော အဆိုပါဖိုရမ်သို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး – NMSP/AD)၊ ပြည်ပရောက် မွန်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (OMCC)၊ မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ (MSCC)၊ မွန်အရပ်ဘက်အဖွဲ့အစည်းများနှင့် သံဃာတော်များ အပါအဝင် ကိုယ်စားလှယ် (၇၃) ဦး တက်ရောက်ခဲ့ကြသည်။
ဖိုရမ်အတွင်း တော်လှန်ရေးဆိုင်ရာ စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီးနောက် တော်လှန်ရေးခရီးအတွက် အခြေခံအုတ်မြစ်ဖြစ်မည့် “မွန်ပြည်တော်လှန်ရေးပဋိညာဉ်” (Mon State Revolutionary Charter) ကို ချမှတ်ရန် ကိုယ်စားလှယ်များက တညီတညွတ်တည်း သဘောတူညီခဲ့ကြသည်။
ထို့ပြင် လက်ရှိ စစ်ကော်မရှင်၏ အုပ်ချုပ်မှုနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ပြတ်သားသည့် နိုင်ငံရေးရပ်တည်ချက်ကိုလည်း အတည်ပြုခဲ့သည်။
၎င်းအပြင် ၂၀၂၅ ခုနှစ် အတိုင်ပင်ခံကောင်စီမှတစ်ဆင့် ပေါ်ထွက်လာမည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ပတ်သက်သည့် သဘောထားရပ်တည်ချက်များကိုလည်း ချမှတ်နိုင်ခဲ့သည်။
တော်လှန်ရေးအင်အားစုများအကြား လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်လည်း “မွန်တော်လှန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့” ကို တရားဝင်ဖွဲ့စည်းလိုက်ကြောင်း ဖိုရမ်၏ အတည်ပြုချက်များအရ သိရှိရသည်။
ထုတ်ပြန်ချက်အရ အဆိုပါဖိုရမ်မှတစ်ဆင့် ရရှိလာသည့် ဘုံသဘောထားများသည် မွန်ပြည်နယ်အတွင်း တော်လှန်ရေးလုပ်ငန်းစဉ်များကို ပိုမိုအားကောင်းလာစေပြီး၊ စုစည်းညီညွတ်မှုကို ပြသလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပုံ- MSFC
ပုံစာ- မွန်ပြည်တော်လှန်ရေးတပ်၏ အပတ်စဥ် (၄) အခြေခံ အထူးမွမ်းမံ စစ်သင်တန်းဆင်းပွဲ အခမ်းအနား / ဇန်နဝါရီလ၊ ၂၉ ရက်/ ၂၀၂၆
