![]()
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားနှင့် အနီးအနားဝန်းကျင်ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တံတားနှင့် အဆောက်အအုံအချို့ ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၁၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကော်မရှင်၏ တိုက်လေယာဉ်တစ်စီးသည် ကျောက်တော်မြို့ပေါ်သို့ ရောက်ရှိလာပြီး ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက အတည်ပြုပြောကြားသည်။
“ဗုံးတစ်လုံးက ကျောက်တော်တောင်ခြေရင်းဘက်ကို ကျတယ်၊ နောက်တစ်လုံးက ကစ္ဆပနဒီတံတားနားမှာ ကျတာ။ တံတားလည်း တော်တော်လေး ပျက်စီးသွားသလို၊ ဗုံးကျတဲ့နေရာက အဆောင်တွေလည်း မီးလောင်သွားတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင်လည်း စစ်ကော်မရှင်၏ ကင်းထောက်လေယာဉ်များ ကျောက်တော်မြို့ဝေဟင်၌ ဆက်တိုက်ပျံသန်းနေသဖြင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေသည်။
“လေယာဉ်တွေက တောက်လျှောက် ဝဲနေတာ။ ကင်းထောက်နေတာလား၊ ထပ်ကြဲဦးမလားဆိုပြီး အားလုံးက စိုးရိမ်နေကြရတယ်” ဟု အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်ဒေသအတွင်း စစ်ကော်မရှင်က နေ့စဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြု သွားလာနေထိုင်ကြရန် အာရက္ခတပ်တော် (AA) က သတိပေးချက် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်က Y-12 နှင့် ဂျက်ဖိုက်တာများအသုံးပြုကာ ၃ နာရီကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ဗုံးသီး ၁၄၀ ကျော် အသုံးပြုခဲ့ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးကာ ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
Video – Deep Sigh
