![]()
ပုံစာ – ရသေ့တောင်ဖက်တွင် ကျရောက်ခဲ့သည့် စစ်ကောင်စီ လက်နက်များအား တွေ့ရစဥ်
ခင်သရဖီဦး/မတ် ၇။ /Photo – ပေးပို့
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်တို့ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာများအပြင် Y-12 ထောက်ပံ့ရေးလေယာဉ်များကိုပါ အသုံးပြု၍ ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ မတ်လ ၆ ရက် ည ၉ နာရီမှ ၁၁ နာရီခွဲခန့်အထိ ပေါက်တောမြို့နယ်ရှိ ဒါးကိုင်နှင့် ကြိမ်ခွေမော်ကျေးရွာအနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာ ၄ စီး၊ Y-12 လေယာဉ် ၂ စီးတို့ဖြင့် ရော့ကက်နှင့် ဗုံးသီးအလုံးပေါင်း ၁၀၀ ခန့် ကြဲချခဲ့ခြင်းဖြစ်သည်။
“ဒါးကိုင်၊ ကြိမ်ခွေမော်၊ မနော်သီရိ စတဲ့ ကျေးရွာအနီးက တောတန်းတွေကို ၃ နာရီလောက်ကြာအောင် ဆက်တိုက်ပတ်ကြဲသွားတာပါ။ ဒေသခံတွေ အထိအခိုက်ရှိမရှိကိုတော့ ဆက်လက်စုံစမ်းနေတုန်းပဲ ဖြစ်ပါတယ်” ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။
ထို လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်ကာ နီးစပ်ရာကျေးရွာများသို့ ထပ်မံစစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
အလားတူ ရသေ့တောင်မြို့နယ်တွင်လည်း မတ်လ ၅ ရက် ညနေပိုင်းမှ မတ်လ ၆ ရက် နံနက်အစောပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်ခဲ့သည်။

ပုံစာ – ရသေ့တောင်ဖက်တွင် ကျရောက်ခဲ့သည့် စစ်ကောင်စီ လက်နက်များအား တွေ့ရစဥ်
/Photo – ပေးပို့
စစ်ကော်မရှင်တပ်က ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာနှင့် နွားတင်းကုတ်ကျေးရွာကြားကို ဂျက်ဖိုက်တာ ၃ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး၊ ပေါင် ၃၀၀ ဗုံးသီး ၇ လုံးတို့ကို ကြဲချခဲ့သည့်အပြင် Y-12 လေယာဉ် ၂ စီးဖြင့်လည်း ၄ ကြိမ်တိုင်တိုင် လာရောက်ကာ ဗုံးသီး ၆၄ လုံးအထိ အလုံးအရင်းဖြင့် ကြဲချခဲ့ကြောင်း သိရသည်။
ဗုံးကြဲမှုဖြစ်စဉ်အတွင်း ဒေသခံရွာသားများဖြစ်သည့် ဦးအောင်သိန်းချေနှင့် လှမောင်သိန်းတို့၏ နွား ၁၃ ကောင်၊ ဝက် ၇ ကောင်နှင့် ကျွဲ ၁ ကောင် သေဆုံးခဲ့ပြီး တောင်ယာတဲ ၃ ဆောင်လည်း မီးလောင်ပြာကျခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း တောင်ယာလုပ်ငန်းသုံး တိရစ္ဆာန်များနှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို အတည်ပြုသည်။
စစ်ကော်မရှင်သည် ယခုရက်ပိုင်းအတွင်း ရခိုင်စစ်မျက်နှာတွင် တိုက်ခိုက်ရေးဂျက်ဖိုက်တာများနှင့်အတူ ကုန်တင်လေယာဉ်အမျိုးအစား Y-12 များကို ဗုံးကြဲလေယာဉ်အဖြစ် အသွင်ပြောင်းကာ တွဲဖက်အသုံးပြုလာသည်ကို တွေ့ရသည်။
#ပေါက်တော #ရသေ့တောင် #စစ်ကော်မရှင် #လေကြောင်း #ရက်ဆက်ဗုံးကြဲ #ThanLwinKhetNews
