![]()
ခင်သရဖီဦး/မတ် ၆။ ဓါတ်ပုံ – AA Info Desk
စစ်ကော်မရှင်၏ အရေးပါသော လေကြောင်းရန်ကာကွယ်ရေးစခန်း တစ်ခုဖြစ်သည့် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းမပေါ်ရှိ နတ်ရေကန် ဗျူဟာကုန်း မကျဆုံးစေရန် စစ်တပ်ဘက်မှ လေကြောင်းပစ်ကူကို အဓိကထား၍ အပြင်းအထန် ခုခံနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ဖေဖော်ဝါရီလမှ စတင်ကာ အာရက္ခတပ်တော် AA နှင့် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များသည် နတ်ရေကန်စခန်းကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါစခန်း အနီးတစ်ဝိုက်ရှိ ကာကင်းစခန်းအားလုံးနီးပါးကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီးဖြစ်သည်။

ဓါတ်ပုံ – AA Info Desk
လက်ကျန် ဗျူဟာကုန်းမကြီးတွင် စစ်ကော်မရှင်တပ်သား အင်အား ၅၀၀ ခန့်ဖြင့် ဆက်လက် ခုခံနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။
AA က ကုန်းလမ်း ထောက်ပို့လမ်းကြောင်း အားလုံးကို ဖြတ်တောက်ပိတ်ဆို့ထားသော်လည်း လေကြောင်းမှတစ်ဆင့် လက်နက်ခဲယမ်းနှင့် ပစ်ကူများ ပေးနေခြင်းကြောင့် ဗျူဟာကုန်းမှာ ကျန်ရှိနေသေးခြင်း ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“တပ်ရင်း ၅ ရင်းစာလောက်ကို အဲဒီမှာ စုပြီး ချထားတယ်။ စုစုပေါင်း အင်အား ၅၀၀ ဝန်းကျင် ရှိဦးမယ်။ စစ်တပ်က အဓိက လေကြောင်းကနေ ကူနေတာကြောင့် သူတို့ ဆက်ထိန်းထားနိုင်တာပါ” ဟု ၎င်းက ရှင်းပြသည်။
နတ်ရေကန် ဗျူဟာကုန်းအတွင်းရှိ စစ်ကော်မရှင်တပ်သားအချို့မှာ အာရက္ခတပ်တော် AA ထံသို့ အဆက်မပြတ် လက်နက်ချ အလင်းဝင်မှုများ ရှိနေသော်လည်း စခန်းအတွင်း စစ်အင်အား အများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။

ဓါတ်ပုံ – AA Info Desk
“ကျနော်တို့ဘက်က ထောက်ပို့လမ်းကြောင်းတွေကို အကုန်ဝိုင်းပြီး ပိတ်ဆို့ထားတာ မှန်ပေမဲ့ သူတို့ဘက်က လေကြောင်းက ပစ်တာတွေ၊ လက်နက်ကြီးနဲ့ ပြန်ပစ်တာတွေအပြင် နည်းမျိုးစုံ ခုခံကာကွယ်မှုတွေ လုပ်ထားတယ်။ အင်အားလည်း တောင့်နေသေးတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
နတ်ရေကန် ဗျူဟာကုန်းသည် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၄ ကို ကာကွယ်ပေးထားသည့် အဓိက ခံစစ်ကုန်းကြီး ဖြစ်သည်။ ထို့ကြောင့် အဆိုပါ စခန်းကုန်း လက်လွတ်မခံရစေရန် စစ်ကော်မရှင်က အစွမ်းကုန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု သိရသည်။
#နတ်ရေကန် #ဗျူဟာကုန်းမကြီး #စစ်ကော်မရှင် #လေကြောင်းပစ်ကူ #အပြင်းအထန်ခုခံနေ #ThanLwinKhetNews
