![]()
ခင်သရဖီဦး/မတ် ၄။ ဓါတ်ပုံ – သံလွင်ခက်
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် စစ်ကော်မရှင်ထံ၌ ဆက်လက်တာဝန်ထမ်းဆောင်နေသူများနှင့် ၎င်းတို့နှင့် ဆက်စပ်သူများ၏ နေအိမ်များကို ချိပ်ပိတ်သိမ်းဆည်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။
ယင်းသို့လုပ်ဆောင်ရာတွင် အာရက္ခပြည်သူ့အစိုးရ အုပ်ချုပ်ရေးဌာန၊ ဒီလပ် (DLP) နှင့် ဗဟိုထောက်လှမ်းရေးဌာနတို့ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်။
AA အနေဖြင့် ယင်းသို့ ချိပ်ပိတ်သိမ်းဆည်းခြင်းကို ၂၀၂၄ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၂၀၂၆ ခုနှစ်အထိ မြို့နယ်အချို့တွင် ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။
သိမ်းဆည်းခံရသည့် နေအိမ်များတွင် “ဤအိမ်နှင့် ခြံမြေသည် ရန်သူ့စစ်ကောင်စီအစိုးရနှင့် ပတ်သက်ဆက်နွယ်နေသူ၏ အိမ်နှင့် ခြံမြေဖြစ်သဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ချိပ်ပိတ်သိမ်းဆည်းလိုက်သည်” ဟူသည့် စာသားပါ ဆိုင်းဘုတ်များကို ချိတ်ဆွဲထားကြောင်း ဒေသခံများက ဆိုသည်။
မင်းပြားမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက စစ်ကော်မရှင်ထံတွင် တာဝန်ထမ်းဆောင်ဆဲဖြစ်သူများ၏ နေအိမ်အချို့ကို ချိပ်ပိတ်ခဲ့သည်။

ဓါတ်ပုံ – သံလွင်ခက်
မင်းပြားဒေသခံတစ်ဦးက “မင်းပြားမှာ အကုန်လုံးတော့ မဟုတ်ဘူး။ စစ်တပ်ဆီမှာ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေတဲ့ လူတွေ အိမ်ကို သိမ်းလိုက်တာ။ AA ထံမှာ ပြန်လည် တာဝန်ထမ်းဆောင်တဲ့သူတွေ၊ နောက် အလုပ်မဝင်ဘဲ နေတဲ့ လူတွေ အိမ်တွေလည်း မပါဘူး” ဟု ပြောသည်။
မြောက်ဦးမြို့ပေါ်ရှိ နေအိမ်အချို့ကိုလည်း ၂၀၂၄ ခုနှစ်မှ စတင်ကာ လက်ရှိအချိန်ထိ ချိပ်ပိတ်ထားကြောင်း သိရသည်။
မြေပုံမြို့တွင်လည်း ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ စစ်ကော်မရှင်နှင့် ဆက်စပ်သည့် နေအိမ် ၁၀ လုံးခန့်ကို လိုက်လံချိပ်ပိတ်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“နေအိမ်တစ်ခုတည်း သိမ်းတာ မဟုတ်ဘူး၊ အိမ်တွေရော မြေတွေရော အကုန် သိမ်းသွားတာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
ယင်းသို့ သိမ်းဆည်းရာတွင် အမှန်တကယ် တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ နားလည်မှုလွဲမှားကာ ပါဝင်သွားသည့် အခြေအနေများရှိကြောင်း ချိပ်ပိတ်ခံရသည့် မိသားစုဝင်တစ်ဦးက ထောက်ပြသည်။

ဓါတ်ပုံ – သံလွင်ခက်
“နားလည်မှု လွဲကြတာလား မသိဘူး။ ကျွန်တော်တို့က အစိုးရဌာနထဲမှာ နာမည်ပါနိုင်ပေမဲ့ ရုံးတက်တာမျိုး မရှိဘူး။ အလုပ်မဝင်သေးဘူးလို့ ပြောလို့ရတယ်။ နောက်ပြီး အိမ်ကလည်း ကျွန်တော်တို့ ပိုင်တာ မဟုတ်ဘူး၊ အဖိုးအဖွားတွေရဲ့ အိမ်ဖြစ်နေတယ်။ ဒီခြံက ဘယ်သူပိုင်တာလဲ၊ ဒီလူက တကယ်ပဲ အလုပ်ဝင်နေတာလားဆိုတာတွေကို မြေစာရင်းရုံးမှာ သေချာစုံစမ်းပြီးမှ လုပ်သင့်တယ်” ဟု ၎င်းက ဆိုသည်။
အာရက္ခတပ်တော် AA သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း တောင်ကုတ်မြို့မှ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်၏ ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းခဲ့ဖူးသည်။ ထို့အပြင် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ စစ်ဗိုလ်ချုပ်များနှင့် ဆက်စပ်သည့် ဟိုတယ်၊ တည်းခိုခန်းများကိုလည်း သိမ်းဆည်းခဲ့သည်။
#ရခိုင် #စစ်ကော်မရှင် #အာရက္ခတပ်တော် #ချိတ်ပိတ်သိမ်းဆည်း #ဆက်စပ်သူနေအိမ် #ThanLwinKhetNews
