စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ ကူတို့ကုန်းရပ်ကွက်အတွင်းရှိ ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းအတွင်းဖွင့်လှစ်ထားသည့် ပရိဟိတဆေးခန်းကို စစ်ကောင်စီတပ်ဖွဲ့၀င်များ၀င်ရောက်စီးနင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။
စီးနင်းမှုကြောင့် ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းမှ ဆရာတော် တစ်ပါးအဖမ်းခံလိုက်ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်၁၀ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များက ပြည်လုံးချမ်းသာဘုန်းတော် ကြီးကျောင်းအတွင်းဖွင့်လှစ်ထားသည့် ရွှေတောင်မေတ္တာ အခမဲ့ဆေးခန်းအား ၀င်ရောက် စီးနင်း ခဲ့ခြင်းဖြစ်သည်။
“ဦးဇင်းတစ်ပါး အဖမ်းခံလိုက်ရပြီး၊ပရဟိတကားတစ်စီးကိုလည်း သိမ်းသွားတယ်၊ဆေးခန်းက ဆေးတွေလည်းသိမ်းသွားတယ်” ဟု မုံရွာမြို့ခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ရွှေတောင်မေတ္တာအခမဲ့ဆေးခန်းကို ကျောင်းထိုင် ဆရာတော်ကိုယ်တိုင်ဖွင့်လှစ်ထားရှိပြီးကိုယ်၀န်ဆောင်အမျိုးသမီးများနှင့်ဒေသခံပြည်သူများ ကို အခမဲ့ ကူညီနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီကို အားပေးထောက်ခံသည့် လူပုဂ္ဂိုလ်များ၏ တယ်လီဂရမ်ချန်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် မျာကိုထောက်ပံ့ ဆေးကုသပေးနေသည့်CDM ဆရာ၀န်များလည်းရှိနေသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ စီးနင်းခံရခြင်း ဖြစ်သည်။
ဆေးခန်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက“ဆေးခန်းက ကိုယ်၀န်ဆောင်မိခင်တွေ သားဖွားကြတာများပါတယ်၊ အဲ့တာကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဆေးကုတယ်ဆိုပြီး ဝင်ဖမ်းတာ“ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ် နှစ်လည်ပိုင်းတွင်လည်း ရွှေတောင်မေတ္တာအခမဲ့ဆေးခန်းကို နှစ်ကြိမ် ၀င်ရောက်ဆီးနင်းခဲ့ပြီး ယခုအကြိမ်နှင့်ဆို သုံးကြိမ်တိုင်ရှိခဲ့ပြီဖြစ်သည်။